ငလျင်ဘေးသင့် မြန်မာပြည်သူတွေအတွက် ကူညီထောက်ပံ့နိုင်ဖို့ ရန်ပုံငွေရှာပွဲကို ဇွန် ၂၂ ရက်က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ Tha Phae ဂိတ်အနီးမှာ ပြုလုပ်ခဲ့ပါတယ်။
မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်၊ အင်းလေး၊ အောင်ပန်းစတဲ့ဒေသတွေမှာ ငလျင်ဒဏ်ကို အကြီးအကျယ်ခံစားခဲ့ရပြီး ပြည်သူတွေ သေဆုံးမှုများပြားတဲ့အပြင် နေအိမ်တွေလည်း အများအပြား ထိခိုက်ပျက်စီးခဲ့တာပါ။
ငလျင်ဘေးသင့်ပြည်သူတွေအတွက် ရန်ပုံငွေရှာဖွေမှာ သီချင်းသီဆိုဖျော်ဖြေတာ၊ မြန့်မာရိုးရာအက၊ တိုင်းရင်းသားရိုးရာအကတွေနဲ့ သီဆိုဖျော်ဖြေတာ၊ မြန်မာ့ရိုးရာ အစားအစာတွေရောင်းချတာ၊ လက်မှုပညာပစ္စည်းတွေ ရောင်းချတာတွေ ပါဝင်ပါတယ်။
ရန်ပုံငွေရှာပွဲ စီစဉ်သူ ဒေါ်မီးမီးက “အခုကတော့ အဘက်ဘက်က လူတိုင်းကလည်း ဒုက္ခရောက်နေကြတယ်။ အဲဒီအခါကျတော့ ဒုက္ခရောက်တာချင်းတူတူတော့ အားတင်းထားပါပေါ့နော်။ အဝေးရောက် မြန်မာပြည်သူပြည်သားတွေ၊ ထိုင်းရောက်မြန်မာပြည်သူပြည်သားတွေ စုပေါင်းပြီး တတ်နိုင်တဲ့ဘက်ကနေ ပါဝင်ကူညီပေးဖို့လည်း ကြိုးစားနေကြတယ်”လို့ ပြောပါတယ်။
ဒါ့အပြင် ရန်ပုံငွေရှာဖွေနိုင်ဖို့ အမှတ်တရ အင်္ကျီ၊ လက်ကိုင်အိတ်နဲ့ ဘေးလွယ်အိတ်တို့ကိုလည်း ရောင်းချပေးနေပြီး မြန်မာနိုင်ငံက ငလျင်သင့်ခဲ့ရတဲ့ ဒေသကပုံတွေကိုလည်း ပြသခဲ့ပါတယ်။
ပွဲတက်ရောက်သူတယောက်က “ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရတဲ့ ဒေသတွေ၊ ပြည်သူတွေကို သွားရောက်လှူဒါန်းမှာ ဖြစ်တဲ့အတွက် ပြည်ပမှာ ရောက်ရှိသူတွေအနေနဲ့ တတ်နိုင် သလောက် ဝင်ရောက်အားဖြည့်တဲ့အနေနဲ့ တက်ရောက်လာတာ ဖြစ်ပါတယ်။ ငလျင်ဒဏ် ခံလိုက်ရတဲ့ ပြည်သူတွေအတွက် စိတ်မကောင်းဖြစ်ရတယ်။ အသက်အိုးအိမ်စည်းစိမ်တွေ ပျက်စီးသွားတာ၊ ကျမတို့တွေ ဘာမှ မလုပ်ပေးလိုက်နိုင်ဘူး။ အခု ကျမတို့ တတ်စွမ်းတဲ့ဘက်က နေပြီး ကျန်ရစ်ခဲ့တဲ့သူတွေအတွက် သက်သောင့်သက်သာဖြစ်လိုဖြစ်ငြား လုပ်ပေးနိုင်တာတွေ အစွမ်းကုန် ကူညီဆောင်ရွက်ပေးဖို့အတွက် စိတ်အားထက်သန်ပါတယ်” လို့ ပြောပါတယ်။
ရန်ပုံငွေပွဲဖြစ်မြောက်ဖို့အတွက် ချင်းမိုင်တက္ကသိုလ် မြန်မာစာဌာနက ဆရာ/မနဲ့ ကျောင်းသူ ကျောင်းသားတွေက ပါဝင်ကူညီပေးကြပါတယ်။ ဒီပွဲကရလာတဲ့ ရန်ပုံငွေတွေကို စစ်ကိုင်းဒေသက ငလျင်ဒဏ်သင့်ပြည်သူတွေဆီ အဓိက ကူညီပံ့ပိုးပေးသွားမယ်လို့ ဆိုပါတယ်။
လာမယ့် ဇွန် ၂၉ ရက်နေ့မှာလည်း ချင်းမိုင်တက္ကသိုလ်ဝန်းထဲမှာ ပွဲကြီးအနေနဲ့ ရန်ပုံငွေ ရှာဖွေတဲ့ အစီအစဥ်ရှိတယ်လို့ သိရပါတယ်။
ပွဲကြီးမှ် မော်ဒယ်ရှိုး လျှောက်တာတွေ၊ သီချင်းသီဆိုတာ၊ ရိုးရာ အကအလှ အစုံအလင်နဲ့ ဖျော်ဖြေတာ၊ ရုပ်သေးအကအလှနဲ့ ဖျော်ဖြေတာ၊ မြန်မာ့အစားအစာတွေနဲ့ အမှတ်တရပစ္စည်း ရောင်းချတာ စတဲ့ အစီအစဥ်တွေ ပါဝင်တယ်လို့ သိရပါတယ်။
နှင်းနှင်း