DVB Logo
Home
မြန်မာသတင်း
ကရင်နီတွင် လောင်စာဆီဈေးနှုန်း ၃ ဆခန့် မြင့်တက် 
DVB
·
June 23, 2025
ကရင်နီတွင် လောင်စာဆီဈေးနှုန်း ၃ ဆခန့် မြင့်တက် 
Donate to DVB

ကရင်နီ (ကယား) ပြည်နယ်မှာ ဓာတ်ဆီနဲ့ ဒီဇယ်လောင်စာဆီ စျေးနှုန်တွေ အရင်ကထက် ၄ ဆလောက် မြင့်တက်လာနေပြီး စက်သုံးဆီပြတ်လပ်တဲ့ ပြဿနာတွေနဲ့ ဒေသခံတွေ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။

ကရင်နီမှာ လွန်ခဲ့တဲ့တပတ်လောက်ကစပြီး ဓာတ်ဆီတပေပါကို မြန်မာငွေ ကျပ် ၉ သိန်း လောက်ကနေ ကျပ် ၁၆ သိန်းလောက်ထိ စျေးတက်လာတဲ့အတွက် ဆီရောင်းတဲ့ ဆီဆိုင်တွေမှာလည်း ပုံမှန် တလီတာကို ကျပ် ၄,၀၀၀ ကနေ ကျပ် ၁၀,၀၀၀ လောက်အထိ စျေးတွေ တက်သွားခဲ့တာပါ။

ဒီလိုစျေးတက်လာရတဲ့ အကြောင်းရင်း‌တွေကတော့ တိုက်ပွဲတွေဖြစ်နေတာ၊ လမ်းမကောင်းလို့ သယ်ယူစရိတ် ပိုမိုကုန်ကျရတာ၊ ဆီသယ်ပို့တဲ့ လမ်းတလျှောက်မှာ ပေးဆောင်ရတဲ့ အခွန်အခတွေ များနေတာကြောင့် ဖြစ်တယ်လို့ ကရင်နီဒေသက လောင်စာဆီကုန်သည်တွေက ပြောပါတယ်။

ဒီးမော့ဆိုမြို့က ဆီဆိုင်တွေကို သက်ဆိုင်ရာ နယ်မြေထိန်းချုပ်ထားတဲ့အဖွဲ့တွေက ဆီတလီတာကို ကျပ် ၁၀,၀၀၀ ထက် ကျော်မရောင်းဖို့ သတိပေးနေတာတွေလည်း ရှိနေတယ်လို့ ဆီဆိုင်ပိုင်ရှင်တယောက်က ပြောပါတယ်။

“ဒီမနက်တော့ လာပြောတဲ့အဖွဲ့ရှိတယ်။ ဆီကို တလီတာကို ကျပ် ၁၁,၀၀၀၊ ၁၂,၀၀၀  ထက်ကျော်ပြီး မရောင်းနဲ့လို့ သူတို့ပြောတယ်။ ကျမတို့အနေနဲ့ ဘယ်ရောင်းချင်မှာလဲ ပြည်သူတွေ ဒုက္ခရောက်တာကို ကူညီပေးချင်တာပေ့ါ။ ဒါပေမဲ့ လာပို့တဲ့သူကိုယ်က စျေးကြီးတယ်။ စျေးကြီးတော့ သူတို့ကလည်း ဘာပြောလဲဆိုတော့ အခွန်တွေ အဘက်ဘက်ကများတယ်။ အခု ကျမတို့ကလည်း သွားလေရာ အခွန်တွေပဲ။ ပြောမယ်ဆိုရင် အရှေ့ အနောက် တောင် မြောက် အကုန်လုံးသွားလေရာ အခွန်တွေလည်းများတယ်။ အခွန်က နည်းနည်း လျှော့ချပေးတာတို့ မျိုးဆိုရင် နည်းနည်းသက်သာမလားလို့ပါ။ အဲဒီတချက်ရယ် နောက် တချို့ကားသမားတွေ ကယ်ရီသမားတွေကလည်း အဆမတန် စျေးယူတဲ့သူလည်း ရှိကောင်းရှိနိုင်မယ်ပေါ့နော်။ ဒါပေမဲ့ တခါတလေ ပြန်ကြည့်လိုက်ရင် လမ်းလည်း အရမ်းဆိုးရွားတယ်။ တော်တော် ဆိုးဆိုးရွားရွား ဖြစ်နေတော့ ကားပျက်လိုက်တာနဲ့ ဝပ်ရှော့ဆရာအပ်လိုက်ရင်လည်း သူတို့ရတဲ့ အမြတ်က ၂ ဆ ပြန်ကုန်တယ်လေ။ အဲဒါကြောင့် တခုခုလျှော့ချဖို့ ထိန်းချုပ်ဖို့ ဆိုတာ အားလုံးခြုံပြီးတော့ ညှိနှိုင်းတိုင်ပင်ပြီးတော့ လျှော့ချမှပဲ အဆင်ပြေမှာ။”

လက်ရှိ ကရင်နီပြည်နယ်က တိုက်ပွဲဖြစ်နေတဲ့ တချို့မြို့တွေနဲ့ ကျေးရွာတွေမှာ ဆီပြတ်လပ်ပြီး ဈေးကြီးလို့ သွားလာရေးတွေပါ ရပ်တန့်ကုန်တဲ့အထိ  ကြုံနေရပြီလို့ ဒီးမော့ဆိုမြို့ရှိ ဓာတ်ဆီဆိုင် ပိုင်ရှင်တယောက်က ပြောပါတယ်။

“ဒီ ဆီစျေးတက်တာက ဒါ အဆိုးရွားဆုံးလို့လည်း ပြောလို့ရတယ်။ ပိုက်ဆံရှိတဲ့သူတောင်မှ ဝယ်ရှာလို့တောင် မရှိဘူးပေါ့နော်။ မရှိတဲ့သူဆို အလူးအလဲပဲ၊ စစ်ရှောင်တဖက်နဲ့ ကုန်စျေးနှုန်းတဖက်နဲ့ဆို သွားပြီ အဲ့ပုံစံမျိုးဖြစ်ကုန်တာ။ ဒီတကြိမ်တော့ အဆိုးဆုံးပဲလို့ ကျမမြင်တယ်။ တော်တော်လေး စျေးတက်သွားတာ အပြင်ကို ရှာဝယ်လို့ မရှိတဲ့အဆင့်ပေါ့။”

ဓာတ်ဆီနဲ့ ဒီဇယ်စျေးတွေ တက်နေတာကြောင့် စိုက်ပျိုးရေးရာသီမှာ စိုက်ပျိုးရေး လုပ်ငန်းတွေလည်း ထိခိုက်မှုရှိသလို ကုန်ဈေးနှုန်းတက်တဲ့ဒဏ်ကို စစ်ဘေးရှောင် ကရင်နီပြည်သူတွေလည်း ကြုံတွေ့နေရပါတယ်။

စစ်ရှောင်စခန်းတာဝန်ခံတယောက်က “ဆီစျေးတွေ အဆမတန်တက်တာရဲ့ နောက်ဆက်တွဲ အနေနဲ့ လယ်တွေမလုပ်နိုင်တဲ့သူတွေ ရှိလာတာပေါ့နော်။ တချို့က ပျိုးတောင်ထောင်ပြီးပြီ၊ ဒါပေမဲ့ ဆီတွေဘာတွေမရှိလို့ အခက်အခဲပြန်ဖြစ်လို့ဆိုပြီး မလုပ်တော့ဘူး ဆိုတာမျိုးတွေ ရှိနေတယ်။ အကြီးမားဆုံး သက်ရောက်မှုကတော့ ကုန်စျေးနှုန်းတက်တာပဲပေါ့။ ဒီ ဆီစျေးတွေတက်တဲ့အခါကျတော့ တခြားကုန်ပစ္စည်းတွေရဲ့စျေးနှုန်းက Automatic အနောက်ကနေ လိုက်ခုန်တက်လာတဲ့ အနေအထားမျိုးမှာလေ။ ဟိုးအရင်တုန်းက ပစ္စည်းတွေကိုတောင်မှ စျေးတွေတင်ပြီး ပြန်ရောင်းတာမျိုးတွေ ရှိနေတယ်” လို့ ပြောပါတယ်။

ကရင်နီပြည်နယ်ရဲ့ မြို့အတော်များများမှာ လတ်တလော ဆီကားတွေ ပြန်ဝင်လာပြီဖြစ်လို့ ဒီရက်ပိုင်းအတွင်း  လောင်စာဆီဈေး ကျပ် ၁၀,၀၀၀ အောက် ပြန်ရောက်သွားပြီလို့ ဒေသခံတွေက ဆိုပါတယ်။

ဒါပေမဲ့ အရင်ပုံမှန်စျေးအထိ ပြန်မကျသေးတဲ့အတွက် စျေးအတက်အကျ အပြောင်းအလဲ ဖြစ်နေတာကို ဝိုင်းဝန်းထိန်းသိမ်းလုပ်ကြဖို့ ဒေသခံတွေက တောင်းဆိုထားကြပါတယ်။ 

မောရစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013