Home
နိုင်ငံတကာ
အစ္စရေးနှင့် အီရန်တို့ ဆက်လက်တိုက်ခိုက်၊ အမေရိကန် ကိုယ်ပျောက်ဗုံးကြဲလေယာဉ်များ ပစိဖိတ်ဒေသဆီ ရွှေ့ပြောင်း
DVB
·
June 22, 2025
Photo: Maxar Technologies/Handout via REUTERS

အစ္စရေးက အီရန်နိုင်ငံအပေါ် ဆက်တိုက်ခိုက်နေပြီး တပ်ဖွဲ့ဝင်တွေက အစ္စဖှာဟန် နျူကလီးယားစက်ရုံနဲ့  အီရန်အနောက်တောင်ပိုင်းက စစ်ရေးအခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေး စစ်တပ်က ပြောပါတယ်။

အီရန်စစ်တပ်ရဲ့ ဟားမတ်စ်ဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးမှူးဖြစ်သူ ထိပ်တန်းစစ်ဦးစီးမှူး ဆာအိ အီဇာဒီ အပါအဝင် ကဒ်စ် တပ်ဖွဲ့က ထိပ်တန်းတပ်မှူး ၂ ယောက်ကိုသတ်ခဲ့ပြီး အစ္စဖှာဟန်က အီရန်နျူကလီးယား သုတေသနအဆောက်အအုံကို တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးက အခိုင်အမာ ပြောပါတယ်။ 

အီရန်က ပဲ့ထိန်းဒုံးကျည်တွေနဲ့ ညလုံးပေါက် ပစ်ခတ်မှုနည်းလာပြီး အမြောက်တပ်ခွဲတွေအပေါ် ပစ်ခတ်မှု အောင်မြင်တဲ့ လဒ်ဖြစ်တယ်လို့ အစ္စရေးက ပြောပါတယ်။ 

အီရန်ဟာ အတိအကျ ချိန်ရွယ်ပစ်ခတ်နိုင်တဲ့ ဒုံးကျည်တွေကိုသုံးဖို့ ဗျူဟာပြောင်းနေတာလို့လည်း ပြောပါတယ်။

ဇွန် ၂၂ရက် အစောပိုင်း မှာ အီရန်က အစ္စရေးအပေါ် နောက်ဆုံးတိုက်ခိုက်မှုလှိုင်းကို ကြေညာခဲ့ပြီး အီရန်ကနေ ပစ်လွှတ်လိုက်တဲ့ ဒရုန်းလှိုင်းသစ်တခုကို အစ္စရေးစစ်တပ်က တွေ့ခဲ့တယ်လို့ ပြောပါတယ်။ 

အီရန်က အစ္စရေးလေပိုင်နက်ထဲကို မောင်းသူမဲ့လေယာဉ် အစင်း ၄၀ ထက်မနည်း ပစ်လွှတ်ခဲ့ပြီး ကြားဖြတ်ပစ်ချခဲ့တဲ့ မောင်းသူမဲ့လေယာဉ်တွေက အပျက်အစီးတွေ ပြုတ်ကျခဲ့လို့ မီးလောင်မှု အများအပြားလည်း ဖြစ်ခဲ့ပါတယ်။

အစ္စဖှာဟန်မှာရှိတဲ့ ကြီးမားတဲ့ နျူကလီးယားစက်ရုံကို ပြီးခဲ့တဲ့ ၉ ရက်အတွင်း အစ္စရေးက အီရန်ကို တိုက်ခိုက်ချိန်ကစလို့ ဒုတိယအကြိမ် ပစ်မှတ်ထားခဲ့တာလို့ နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ (IAEA) အကြီးအကဲ ရာဖှယ် ဂရောက်ဇီက ပြောပါတယ်။ 

အစ္စရေးနဲ့ အီရန်တို့ကြား လေကြောင်းတိုက်ခိုက်မှု ၉ ရက်မြောက်နေ့ဖြစ်တဲ့ ဇွန် ၂၁ ရက် ညမှာ အစ္စရေးနိုင်ငံတလွှားနဲ့ အစ္စရေးတို့ သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းဒေသတွေဆီကို အီရန်က ဒုံးကျည်တွေနဲ့ အသစ်ထပ်မံ တိုက်ခိုက်ခဲ့ပါတယ်။ 

အစ္စရေးက ဂါဇာကမ်းမြောင်တလျှောက် ဇွန် ၂၂ ရက်မှာ တိုက်ခိုက်လို့ ပါလက်စတိုင်း ၄၁ ယောက် သေဆုံးခဲ့ပြီလို့ ဆေးဘက်ဆိုင်ရာ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ပြင်သစ်သမ္မတ အီမန်နျူယယ် မက်ခွန်းက သူနဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီး မာဆွတ်ဒ် ပေဇက်ရှ်ကီယံတို့ ဥရောပအင်အားကြီးနိုင်ငံတွေနဲ့ အီရန်တို့ကြား နျူကလီးယားဆိုင်ရာ ညှိနှိုင်းမှုတွေကို အရှိန်မြှင့်ဖို့ သဘောတူခဲ့တယ်လို့ ပြောခဲ့ပါတယ်။ 

အမေရိကန်ကတော့ နျူကလီးယားဗုံး သယ်ဆောင်နိုင်တဲ့ B-2 ကိုယ်ပျောက်ဗုံးကြဲလေယာဉ် အများအပြားကို ပစိဖိတ်သမုဒ္ဒရာဆီ ရွှေ့ပြောင်းခဲ့ပြီး သမ္မတ ဒေါ်နယ်ထရမ့်ပ်က သူ့ရဲ့ အမျိုးသားလုံခြုံရေးကောင်စီ အစည်းအဝေးကို ခေါ်ယူကျင်းပခဲ့ပါတယ်။

Source: Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024