Home
မြန်မာသတင်း
ထိုင်းတွင် စစ်ခေါင်းဆောင်ကို ဆန္ဒပြရန်စီစဉ်သူ မြန်မာ ၂ ယောက် နေရပ်ပြန်ပို့ခံရမည်ကိုစိုးရိမ်နေ
DVB
·
June 22, 2025

စစ်ခေါင်းဆောင်ရဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်ခရီးစဉ်အတွင်း ဆန္ဒပြဖို့ စီစဉ်ခဲ့တဲ့ မြန်မာနိုင်ငံသား နှစ်ယောက်ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးထားတာ ၂ လကျော်ကြာမြင့်နေပြီး မြန်မာပြည် ပြန်ပို့မှာကို စိုးရိမ်နေကြပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၃ ရက်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို BIMSTEC အစည်းအဝေးတက်ဖို့လာတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ခရီးစဉ်အတွင်း ဆန္ဒပြဖို့စီစဉ်ခဲ့တဲ့ မြန်မာနိုင်ငံသား ကိုဖြိုးပိုင်နဲ့ ကိုနိုင်နိုင်စိုးတို့ ဟာ ဘန်ကောက် ရှန်ဂရီလာဟိုတယ်အနီးမှာ ဆန္ဒပြဖို့ပြင်ဆင်နေချိန် ဖမ်းဆီးခံခဲ့ရပါတယ်။

ဟိုတယ်အနီး စစ်ဆေးချိန် ကိုဖြိုးပိုင်ရဲ့ လက်ထဲမှာ စစ်ခေါင်းဆောင် ရဲ့ ဓာတ်ပုံကို တွေ့ခဲ့တာကြောင့် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး၊ လက်ရှိအချိန်ထိ ဘန်ကောက်က လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းမှာ ဖမ်းဆီးခံထားရဆဲဖြစ်တယ်လို့ ကာကယံရှင်တွေက ပြောပါတယ်။

New Power Generation က တက်ကြွလှုပ်ရှားသူ ကိုဖြိုးပိုင်က “ရှေ့နေပြောပြချက်အရဆိုရင် ကျနော်တို့အမှုက အာမခံ လုံးဝမရနိုင်ဘူး။ နောက်တချက်က ကျနော်တို့ရှေ့နေကတော့ လိုက်ပြီးတော့ လုပ်ပေးနေတယ်။ UN က ကျနော်တို့ကို မြန်မာပြည်ပြန်မပို့ရေး အကာအကွယ်ပေးထားတယ်။ ထိုင်းလူ့အခွင့်အရေးကော်မရှင်ကလည်း ကျနော်တို့ကို မြန်မာပြည်ပြန်မပို့ဖို့ အကာအကွယ်တခု ပေးထားတယ်။ ဒါပဲရှိတယ်။ လက်ရှိ အနေအထားက ဘာမှ ဖြစ်မလာသေးဘူး။ အမှန်ကတော့ ဒါက လူ့အခွင့်အရေးချိုးဖောက်တာ။ ကျနော်တို့အပေါ်ကို မတရားပုဒ်မတွေနဲ့ သက်သက် လူ့အခွင့်အရေးချိုးဖောက်ပြီးလုပ်တာ၊ မတရားမှုပဲ။ ကျနော်တို့မှာ အထောက်အထား အပြည့်အစုံရှိပြီးသား၊ စာရွက်စာတမ်းရှိပြီးသားဆိုတော့ ကျနော်တို့ကို ဘာပြစ်ဒဏ်မှ ချမှာမဟုတ်ဘူး။ Blacklist လုပ်ပြီး မြန်မာပြည်ပြန်ပို့မှာ။ မြန်မာပြည်ပြန်ပို့ပြီး စစ်အုပ်စုလက်ထဲကို အပ်မှာ” လို့ ပြောပါတယ်။

လက်ရှိမှာ သူတို့ နှစ်ယောက်ကို နှစ်နိုင်ငံချစ်ကြည်‌ရေးပျက်ပြားစေမှု၊ ထိုင်းနိုင်ငံ တည်တံ့ခိုင်မြဲရေးကို ထိပါးစေမှု၊ ထိုင်းနိုင်ငံ လူမှုအသိုင်းအဝိုင်းကို မငြိမ်မသက်အန္တရာယ်ဖြစ်စေမှု၊ ထိုင်းနိုင်ငံသားတွေရဲ့ လုံခြုံရေးကို အန္တရာယ်ဖြစ်စေမှုအပါအဝင် အမှုပေါင်း ၇ မှုနဲ့ တရားစွဲဆိုခံထားရတယ်လို့ ကိုဖြိုးပိုင်က DVB ကို ပြောပါတယ်။

ဒါ့အပြင် သူတို့ နှစ်ယောက်စလုံးရဲ့ ထိုင်းနိုင်ငံမှာ တရားဝင်နေထိုင်ခွင့် စာရွက်စာတမ်း အထောက်အထားတွေကိုလည်း ထိုင်းအာဏာပိုင်တွေက အမည်ပျက်စာရင်း (Blacklist) သွင်းထားတယ်လို့လည်း ဆိုပါတယ်။

ကိုနိုင်နိုင်စိုးက “ကျနော်တို့က ဒါ မတရားမှု ခံနေရတာပေါ့။ ကျနော်တို့က ဆန္ဒမပြရသေးဘူး။ ဒါကို သူတို့က လာရောက်စစ်ဆေးပြီးတော့ ဖုန်းတွေသိမ်းပြီးတော့ ကျနော်တို့ကို မိသားစုနဲ့လည်း တွေ့ခွင့် မပေးဘူး။ သူတို့ အမှုစွဲပြီး ကျနော်တို့ကို ၂ ရက်အတွင်း မြန်မာပြည်ပြန်ပို့မယ်ဆိုပြီး အမှုစာရွက်နဲ့ အတင်းလက်မှတ်ထိုးခိုင်းတာ” လို့ ပြောပါတယ်။

လက်ရှိအချိန်မှာတော့ မိသားစုဝင်တွေနဲ့ဖုန်းနဲ့ပဲ အဆက်အသွယ်ရပြီး မိသားစုတွေက စစ်ကောင်စီ လက်ထဲပြန်မပို့ဖို့ UN အပါအဝင် ထိုင်းလူ့အခွင့်အရေးအဖွဲ့တွေဆီကို တောင်းဆိုထားပါတယ်။

ကိုဖြိုးပိုင်ရဲ့ ဇနီး မနွယ်နွယ်ဝင်းက “သူ မရှိတော့ မိသားစုကဒုက္ခရောက်တာပေါ့။ ကလေးကျောင်းပို့ရတာနဲ့ ကျောင်းကြိုရတာနဲ့ ကိုယ့်တယောက်တည်းပဲ ဆိုတော့လေ။ စားဝတ်နေရေး၊ ဒီမှာက အခန်းတွေဘာတွေ ငှားနေရဆိုတော့ သားအမိ ၃ ယောက် ဒုက္ခရောက်တာပေါ့လေ။ သူ့ကိုပဲ မှီခိုအားကိုးနေရတာဆိုတော့။ ကျမကတော့ ကျန်တာတော့ မပြောချင်ဘူး။ သူ့ကို စစ်အစိုးရလက်ထဲ မအပ်ဖို့ပဲ တောင်းဆိုချင်တာပေါ့” လို့ ပြောပါတယ်။

ဧပြီ ၄ ရက်နေ့ကလည်း စစ်ခေါင်းဆောင်ကိုဆန္ဒပြခဲ့တဲ့ ထိုင်းကျောင်းသားတစ်ယောက် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး သူ့ကိုတော့ အဲဒီညတွင်းချင်းပဲ ပြန်လွှတ်ပေးခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024