DVB Logo
Home
Lead Story
ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့်မွေးနေ့ ဗာဂျီးနီးယားတွင် ကျင်းပ
DVB
·
June 22, 2025
ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့်မွေးနေ့ ဗာဂျီးနီးယားတွင် ကျင်းပ
1 / 9
Donate to DVB

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့်မွေးနေ့ အခမ်းအနားကို အမေရိကန်ပြည်ထောင်စု၊ ဗာဂျီးနီးယားပြည်နယ်၊ ဓမ္မအလင်းရောင် ဘုန်းတော်ကြီးကျောင်းမှာ ဒေသစံတော်ချိန် ဇွန် ၂၁ ရက်က  ကျင်းပပါတယ်။

အခမ်းအနားမှာ မယ်ရီလန်းပြည်နယ်၊ ဗာဂျီးနီးယားပြည်နယ်၊ ဝါရှင်တန်ဒီစီနဲ့ ဖီလာဒဲဖီးယားရောက် မြန်မာပြည်သူတွေ ပါဝင်ခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်းပေးခဲ့ကြပါတယ်။

အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ဒုဝန်ကြီး ဦးမိုးဇော်ဦးနဲ့ NUG သတင်းအချက်အလက်နည်းပညာဝန်ကြီး ဦးထင်လင်းအောင်တို့ တက်ရောက်ခဲ့ပါတယ်။

Save Myanmar-USAအဖွဲ့မှ ကိုရင်အေးက “အသက် ၈၀ ဆိုတာ လူ့ဘဝသက်တမ်းမှာ နောက်ဆုံး အချိန်ပေါ့နော်။ အဲဒီလို နောက်ဆုံးအချိန် ရောက်နေပြီဖြစ်တဲ့ အမျိုးသမီးတယောက်ကို စစ်သားရင့်မာတွေ စစ်ဗိုလ်ချုပ်တွေကနေပြီးတော့ ကြောက်လန့်တကြားနဲ့ နည်းမျိုးစုံနဲ့ မတရားအမှုတွေ တပ်ပြီးတော့ ထောင်ထဲမှာ ထည့်ထားတယ်ဆိုတာကိုက ရှက်တတ်ရင် တကယ် ရှက်လို့ရပါတယ်။ ယောက်ကျားရင့်မာကြီးတယောက်အနေနဲ့ လုပ်ရမယ့်အလုပ်မဟုတ်ဘူးဆိုတာ ကျနော် အရင်ဆုံးပြောချင်တယ်။ ဘယ်သူမှလည်း မသိဘဲနဲ့ ထောင်ထဲမှာ ဘာဖြစ်မှန်းလည်း မသိရတဲ့ အနေအထား သတင်းတွေ အမှောင်ချထားတယ် ဆိုကတည်းကိုက တော်တော်ကို ကြောက်လန့်တကြား ဖြစ်နေတယ်ဆိုတာ ထင်ရှားနေတယ်။ ဒီလောက်ကြီးအထိ ကြောက်လန့်တကြား လုပ်နေရတယ် ဆိုကတည်းကိုက သူတို့ရဲ့မတရားမှုက ဘယ်လောက်ကြီးအထိ များနေပြီလဲဆိုတာ ထင်ရှားနေတာပေါ့နော်။ အဆိုးဆုံးတွေ ဖြစ်နေတယ်၊ တိုင်းပြည်က ချွတ်ခြုံကျပြီးတော့ တစစီ ပျက်သုဉ်းနေပြီ၊ ဒီလိုအခြေအနေတွေကို ပြန်ပြီးတော့ အဖတ်ဆယ်ဖို့ဆိုတာ မတရားဖမ်းဆီးထားတဲ့ အမေဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ဆိုတာ ပထမဦးဆုံး နံပါတ် ၁ လုပ်ရမယ့်အလုပ်၊ ဆွေးနွေးကြတော့မယ် တိုင်ပင်ကြတော့မယ်။ ဘယ်လိုပဲပြောပြော ရွေးကောက်ပွဲလုပ်မယ်၊ ဘာပဲလုပ်လုပ်၊ မလုပ်ခင်မှာ အမေဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ခြွင်းချက်မရှိ လွှတ်ကိုလွှတ်ပေးရမယ်။ ဒါမျိုးကိုမလုပ်ဘဲနဲ့ တခြားဟာတွေ လုပ်နေလို့ကတော့ ဘယ်တိုင်းပြည်ကမှ ဘယ်ကမ္ဘာကြီးကမှ အသိအမှတ်ပြုမှာမဟုတ်ဘူး”လို့ ပြောပါတယ်။

စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အစိုးရခေါင်းဆောင်တွေကို အာဏာစသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကတည်းက ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။

အာဏာစသိမ်းတုန်းက ရွေးကောက်ပွဲ မဲစာရင်းမှားတယ်လို့ အကြောင်းပြခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက တရားစွဲဆိုတဲ့ ပုဒ်မ ၁၉ ခုမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အမှု ၁ ခုသာ ပါဝင်ခဲ့ပါတယ်။

အခမ်းအနားစီစဉ်သူ မနီနီဝေက “အမေစုကို အမတို့က သက်တော်ရာ ကျော်ရှည်ဖို့၊ အချုပ်အနှောင်မှ အမြန်ဆုံးလွတ်မြောက်စေဖို့ ရည်ရွယ်ချက်နဲ့ အမေစုတယောက်တည်းအတွက် မဟုတ်ပါဘူး။ အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး၊ တိုက်ပွဲဝင်နေတဲ့ PDF ကလေးတွေအားလုံး၊ အချုပ်အနှောင်ခံရတဲ့လူတွေနဲ့ သေဆုံးသွားတဲ့လူတွေအတွက် အမေစု မွေးနေ့ကို အကြောင်းပြုပြီးတော့ အမတို့က ခေါင်းစဉ်လေးတပ်ပြီးတော့ ဆုတောင်းမေတ္တာပို့ပွဲလေး လုပ်တာဖြစ်ပါတယ်။ လာရောက်ပြီးတော့ ပံ့ပိုးပေးတဲ့ ညီအစ်ကို မောင်နှမတွေအားလုံး အထူးကျေးဇူးတင်ပါတယ်”လို့ ပြောပါတယ်။

မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ ဒေါက်တာထွန်းဝေက “ပြည်တွင်းမှာ အမေစုကို ချစ်သလို ပြည်ပရောက် မြန်မာပြည်သူပြည်သား တိုင်းရင်းသားညီအစ်ကိုမောင်နှမအားလုံးကလည်း အမေစုကို အခုအချိန်အထိ ရင်ထဲအသည်းထဲကနေ ချစ်မြတ်နိုးနေပါတယ်၊ အမေစု ကျန်းမာပါစေ၊ အမေစု အမြန်ဆုံးလွတ်မြောက်ပါစေ၊ အသက်တော်ရာကျော်ရှည်ပါစေ”လို့ ဆုတောင်းပေးပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ပုဒ်မပေါင်း ၁၄ ခုနဲ့ ထောင်ဒဏ် ၂၇ နှစ်ချမှတ်ထားပြီး  ရှေ့နေအဖွဲ့နဲ့ တွေ့ဆုံခွင့်ကိုလည်း ကန့်သတ်ထားပါတယ်။

လက်ရှိအချိန်အထိ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာကို စစ်ကောင်စီက အတည်ပြုထုတ်ပြန်တာမရှိဘဲ သတင်းအမှောင်ချထားပါတယ်။

မတ်လ ၂၈ ရက် စစ်ကိုင်းငလျင်လှုပ်ခတ်တုန်းက ဒေါ်အောင်ဆန်းစုကြည်ကို ထိခိုက်မှုရှိခဲ့တယ်လို့ သတင်းထွက်ပေါ်ခဲ့ပေမယ့် အသေးစိတ်အချက်အလက်တွေကို စစ်ကောင်စီက သတင်းမထုတ်ပြန်ခဲ့ ပါဘူး။ 

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013