DVB Logo
Home
မြန်မာသတင်း
မင်းလှကတိုက်ပွဲတွင် စစ်တပ်ဘက်က ၁၅ ဦးခန့်သေ၊ ရွာကို မီးရှို့ဖျက်ဆီး
DVB
·
June 21, 2025
မင်းလှကတိုက်ပွဲတွင် စစ်တပ်ဘက်က ၁၅ ဦးခန့်သေ၊ ရွာကို မီးရှို့ဖျက်ဆီး
1 / 6
Donate to DVB

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ထောက်ကြန့်ကျေးရွာအုပ်စုကို ဇွန် ၂၀ ရက် မနေ့က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ‌တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်လို့ စစ်တပ်ဘက်က ၁၅ ယောက်လောက်သေဆုံးပြီး စစ်တပ်က ရွာကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

တောင်ပြတ်ရွာနားမှာတိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က  သေဆုံးတာများသလို တော်လှန်ရေး တပ်ဖွဲ့ဝင် ၅ ယောက် ထက်မနည်းလည်း ကျဆုံးခဲ့တယ်လို့ တော်လှန်ရေး ရဲဘော်တယောက်က DVB ကို ပြောပါတယ်။

“၃၈၀၃ က ရဲဘော် ၄ ယောက်။ နောက်အဖွဲ့က ရဲဘော် ၁ ယောက်၊ စုစုပေါင်း ၅ ယောက်၊ စစ်တပ်က ဖမ်းပြီးသတ်ပစ်တာ။ ပိတ်မိသွားတဲ့သဘော ဖြစ်တာပေါ့။ အဲဒီမှာ အဖမ်းခံလိုက်ရတာ။ စစ်တပ်ဘက်က လည်း ၁၅ ယောက်လောက်သေတယ်။ သူတို့ဘက်က လူအင်အား၊ လက်နက်အင်အားများလို့ နောက်ဆုတ်ပေးထားရတယ်”

အထိနာသွားတဲ့စစ်တပ်ဟာ အိမ်ခြေ  ၁၀၀ ကျော်ရှိတဲ့ တောင်ပြတ်ရွာကို မီးရှို့ခဲ့ပြီး အဲဒီရွာသူ၊ ရွာသားတွေဟာ လွန်ခဲ့တဲ့ တပတ်ကျော်ကပဲ စစ်ရှောင်နေခဲ့ရတာလို့ ဒေသခံအမျိုးသမီးတယောက်က ပြောပါတယ်။

“နေ့ခင်း ၁၂ နာရီလောက်က စပြီးမီးရှို့တာ။ စစ်သားတွေလည်း ခုနေ့မှ စစ်ကြောင်းထိုးပြီး ရောက်လာကြတာ။ ရွာသားတွေတယောက်မှ မရှိကြဘူး။ ရွာသစ်ပိုင်းကို အရင်ရှို့တာ။ ရွာမကြီးဘက်တော့ မီးခိုးမတွေ့သေးဘူး။ ခုထိ မီးကတော့မငြိမ်းသေးဘူး” လို့ ဇွန် ၂၀ ရက်က ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အင်အားအများပြားနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး အနီးအနားက ကျေးရွာတွေဘက်ကိုလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒေသခံတယောက်က “အနီးအနားက ရွာတွေလည်း အကုန်ပြေးကြရတာ။ ရွာတွေဘက် လက်နက်ကြီးတွေနဲ့တည်ထုတာ။ ကံ့ကော်ပင်တို့၊ ငမိုးရိပ်တို့ဘက် လက်နက်ကြီးတွေကျတယ်။ ဗိုလ်တထောင်ဘက်မှာ PDF တွေလည်းမရှိတော့ဘူး။ စစ်သားတွေကအများကြီး  ၄၀၀ ကျော်လောက် ရှိတယ်။ တိုက်ပွဲဖြစ်သံတော့မကြားဘူး” လို့ ပြောပါတယ်။

မင်းလှမြို့နယ်မှာ ပြီးခဲ့တဲ့ ဇွန် ၁၆ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က အရာရှိ ၃ ယောက် အပါအဝင် ၂၀ ကျော် သေဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက သတင်းထုတ်ပြန်ထားပါတယ်။

အရာရှိတွေပါ သေဆုံးခဲ့ပြီးနောက် စစ်တပ်က တင့်ကားတွေအပါအဝင် လူအင်အား၊ လက်နက်အင်အား ဖြည့်တင်းပြီး ပဲခူးရိုးမအစပ်ကကျေးရွာတွေကို စစ်ကြောင်းတွေခွဲ လက်နက်ကြီးတွေပစ်ခတ်ပြီး ဝင်ရောက်လာတယ်လို့လည်း တော်လှန်ရေးရဲဘော်တွေက ဆိုပါတယ်။ 

ပြီးခဲ့တဲ့ မေလတုန်းကလည်း ပဲခူးရိုးမအစပ်ကကျေးရွာတွေမှာ တော်လှန်ရေးရဲဘော်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ပွဲဖြစ်ပွားပြီး  စစ်တပ်ဘက်ကသေဆုံးတာများလို့ ‌ငမိုးရိပ်၊ ဇရစ်မြောင်၊ ငလှစမ်း စတဲ့ ရွာ ၃ ရွာထက်မနည်းကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013