DVB Logo
Home
မြန်မာသတင်း
ရွာအုပ်ချုပ်ရေးမှူး၏တူ စစ်သင်တန်းပို့ခံရပြီး ၂ ရက်အကြာတွင် အလောင်းပြန်ရ
DVB
·
June 21, 2025
ရွာအုပ်ချုပ်ရေးမှူး၏တူ စစ်သင်တန်းပို့ခံရပြီး ၂ ရက်အကြာတွင် အလောင်းပြန်ရ
Donate to DVB

ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်က စစ်မှုထမ်းသင်တန်းပို့ခံရတဲ့ ရွာအုပ်ချုပ်ရေးမှူးရဲ့တူဖြစ်သူဟာ ပို့ခံရပြီး နောက် ၂ ရက်မှာ အလောင်းပဲပြန်ရတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။

အင်္ဂပူမြို့နယ်၊ စည်ပင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုး ဟာ သူ့ညီအရင်းဖြစ်သူ ဦးညွန့်ရွှေရဲ့သားကို စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁၄ တက်ဖို့အတွက် ဇွန် ၁၄ ရက်က ကွင်းကောက်မြို့ အမှတ် ၅ တပ်မတော် တန်းမြင့်သင်တန်းကျောင်းဆီကို ပို့လိုက်တာဖြစ်ပြီး ဇွန် ၁၆ ရက် မနက်ပိုင်းမှာ ကိုယ်ခန္ဓာအနှံ့ဒဏ်ရာတွေနဲ့ သေဆုံးရုပ်အလောင်းကို စစ်ကောင်စီတပ်က ကျေးရွာဆီကို ပြန်ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “အလောင်းမှာ ဖူးရောင်ညိုမည်းဒဏ်ရာတွေ အပြည့်ပဲ။ ဝိုင်းရိုက်လို့သေသွားတာပါ။ အရက်ကြောင်ပြီး ပေါက်ကရတွေပြောလို့ တပ်ကစစ်သားတွေက ဝိုင်းထိုးကြရင်း လက်လွန်သေသွားတာလို့ သိရတယ်။ အုပ်ချုပ်ရေးမှူးတူလို့ ​ပြောတာပဲ” လို့ ပြောပါတယ်။

သေဆုံးရုပ်အလောင်းကိုလာပို့တဲ့ စစ်ကောင်စီတပ်သားတွေကတော့ သေဆုံးသူဟာ အရက်အဆီကို ရေမရောဘဲ မှားသောက်မိတာကြောင့်သေတာလို့ ပြောဆိုပြန်ပို့ခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။

ဒေသခံတယောက်က “သေဆုံးသူက အုပ်ကြီးရဲ့တူအရင်းပါ။ အလကားနေ အရက်သောက်နေတဲ့ အကောင်ဆိုပြီး စစ်မှုထမ်းအပတ်စဉ် ၁၄ မှာထည့်လိုက်တာ။ အလောင်းမှာ ရိုက်နှက်ထားတဲ့ ဒဏ်ရာတွေတော့ မနည်းဘူး။ ဘယ်လိုသေတာလဲတော့ မပြောတတ်ဘူး” လို့ ပြောပါတယ်။

သေဆုံးတာနဲ့ပတ်သက်လို့ မိသားစုတွေက မတိုင်ကြားရဲဘဲ စစ်ကောင်စီတပ်က ပြောတဲ့အတိုင်း ရေမရောဘဲ အရက်ဆီသောက်လို့ သေဆုံးတယ်ဆိုတာကိုလက်ခံပြီး သင်္ဂြိုဟ်လိုက်တယ်လို့လည်း ဆိုပါတယ်။

မတ် ၉ ရက်ကလည်း ဧရာဝတီတိုင်း၊ ငပုတောမြို့နယ် မကျည်းပင်ကျေးရွာကနေ အဓမ္မ စစ်သားစုဆောင်းခံရတဲ့ လူငယ်တယောက်ဟာ စစ်ကောင်စီတပ်က အလုပ်ကြမ်းခိုင်းတဲ့ ဒဏ်ကြောင့် သေဆုံးသွားတယ်လို့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013