
နီပေါနိုင်ငံ အမျိုးသားသဘာဝဘေးစီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့ရဲ့ ဩဂုတ် ၂၉ ရက်မနက် ၁၀ နာရီ အထိ ရရှိထားတဲ့ နောက်ဆုံးအချက်အလက်တွေအရ မြေပြိုခဲ့တဲ့ ဒေသတွေကနေ ရုပ်အလောင်း ၆၂၆ လောင်း တူးဖော်တွေ့ရှိထားပြီး ၂,၄၂၆ ယောက် ပျောက်ဆုံးနေဆဲလို့ သတင်းထုတ်ပြန် ပါတယ်။
သေဆုံးသူတွေ အလွန်များပြားလွန်းတာကြောင့် ရင်ခွဲရုံတွေမှာတောင် ရုပ်အလောင်း မဆန့်တော့ သလို"နေရာအသီးသီးကနေ ရုပ်အလောင်းတွေကို ဆက်တိုက် လက်ခံရရှိနေပါတယ်" လို့ ကက်စ်ကီ ခရိုင်အုပ်ချုပ်ရေးမှူး ကူးမန်းဆင်းဂူရန်းက ပြောပါတယ်။
ပျောက်ဆုံးနေသူတွေထဲမှာ အိန္ဒိယက ဟိန္ဒူဘုရားဖူး နိုင်ငံခြားသား အယောက် ၅၄၀ လည်း ပါဝင်နေပါတယ်။
ဒီဘေးအန္တရာယ်ဟာ ဩဂုတ် ၂၆ ရက်က ရေခဲမြစ် ပြိုကျရာကနေ မြစ်ကြောင်းအတိုင်း ကျောက်တုံး၊ ရေခဲနဲ့ ရွှံ့နွံတွေ ဒလဟောစီးဆင်းကာ ဘုတ်တဲကိုရှီ မြစ် ရုတ်တရက်ရေကြီးရာက စတင်ခဲ့တာဖြစ်ပြီး ရာဆူဝါ၊ နူဝါကော့ထ်နဲ့ ဓာဒင်း ခရိုင် ၃ ခုမှာ ပျက်စီးဆုံးရှုံးမှု အကြီးအကျယ် ဖြစ်ပေါ်ခဲ့ပါတယ်။
လက်ရှိမှာတော့ ရာသီဥတု ဆိုးရွားလွန်းတာကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ခေတ္တ ရပ်ဆိုင်းထားရပြီး နိုင်ငံခြားနည်းပညာအကူအညီတွေ လိုအပ်နေတယ်လို့ ပြောထားပါတယ်။
နီပေါအစိုးရဟာ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ထိရောက်စွာ ဆောင်ရွက် နိုင်ဖို့ ဘေးဒဏ်သင့် ဒေသတချို့ကို ၃ လကြာ ဘေးအန္တရာယ် အရေးပေါ်ဒေသတွေ အဖြစ် သတ်မှတ်ထားပါတယ်။
Source:Reuters











