စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေတဲ့မိုးဗြဲမှာ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်၊ အမှတ် ၁၀၀၁ တပ်ရင်း၊ တပ်ခွဲ ၃ ကျွဲချိုတပ်ခွဲက ရဲဘော်တယောက် ကျဆုံးခဲ့ရတယ်လို့ တပ်ရင်းက ဇွန် ၂၀ ရက်မှာ ထုတ်ပြန်ပါတယ်။
အသက် ၂၀ အရွယ် ရဲဘော် မောင်နေမင်းထွေး (ခ) ဗိုလ်ချုပ် ဟာ စစ်ကောင်စီတပ်ကိုတော်လှန်ရင်း ဇွန် ၁၆ ရက်နေ့က ရှေ့တန်းမှာထိခိုက်ဒဏ်ရာရလို့ ဆေးကုသမှုခံယူနေချိန် ဇွန် ၁၇ ရက်နေ့မှာ ကျဆုံးခဲ့ရတာဖြစ်ပါတယ်။
တပ်ရင်း တာဝန်ရှိသူက “၁၆ ရက်နေ့မှာ ဥက္ကာ ကျသွားတယ်။ လက်နက်ကြီးကတော့ တလုံးတည်းပဲ။ နေမင်းထွေးကတော့ ဆေးကုသမှုခံယူရင်းနဲ့ ကျဆုံးသွားတာပေါ့နော့။ တော်လှန်ရေးအပေါ် ထားတဲ့စိတ် မွန်မြတ်တဲ့စိတ်ဓာတ်ရှိတယ်။ လူငယ်ပီသတယ်။ မတရားဖိနှိပ်မှုခံနေရတဲ့ ပြည်သူတွေအစားရင်နာလို့ ဒီတော်လှန်ရေးမှာ ပေးဆပ်ချင်တဲ့စိတ်နဲ့သူပေါ့။ ဆုံးရှုံးသွားတာလည်း ကျနော်တို့အတွက် တကယ်နစ်နာတဲ့ ဆုံးရှုံးမှု ဖြစ်တယ်” လို့ ပြောပါတယ်။
တိုက်ခိုက်ရေးတာဝန်ယူထားတဲ့ ရဲဘော် မောင်နေမင်းထွေး (ခ) ဗိုလ်ချုပ် ဟာ ရှေ့တန်းတိုက်ပွဲပေါင်း ၁၀၀ ကျော်မှာ ပါဝင်တိုက်ခိုက်ပြီး တော်လှန်ရေးအတွက်ပေးအပ်တဲ့တာဝန်ကို ကျေပွန်သူဖြစ်တယ်လို့ သိရပါတယ်။
မိုးဗြဲမှာ စစ်ကောင်စီတပ်၊ PNO ပြည်သူ့စစ်တွေနဲ့ တော်လှန်ရေးအင်အားစုတွေကြား ထိတွေ့တိုက်ပွဲတွေဆက်တိုက်ဖြစ်နေတာ ၈ လကျော်ကြာရှိနေပြီး နှစ်ဖက် အထိအခိုက် အကျအဆုံးတွေလည်း ရှိနေပါတယ်။
မိုးဗြဲကိုပြန်ရဖို့ စစ်ကောင်စီတပ်က အပြင်းအထန်စစ်ကြောင်းထိုးနေတာကြောင့် တိုက်ပွဲတွေက ပြင်းထန်နေတဲ့အပြင် စစ်ကောင်စီက မီးလောင်ဗုံးတွေနဲ့လည်း ပြည်သူ့နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်နေတယ်လို့ သိရပါတယ်။
မိုးဗြဲ PDF ကျွဲချိုတပ်ခွဲမှာ စစ်ကောင်စီတပ်ကို တိုက်ခိုက်တွန်းလှန်ရင်း ကျဆုံးသွားခဲ့ရသူ ၁၂ ယောက် ရှိပြီဖြစ်ပါတယ်။