Home
မြန်မာသတင်း
တောင်သာတွင် တပ်ကြပ်ကြီး ၁ ဦး ဖမ်းမိ၊ ပျူစောထီးအလောင်းနှင့် လက်နက်ခဲယမ်းများတွေ့
DVB
·
June 21, 2025
Photo: တောင်သာမြို့နယ် ပကဖ

မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ ပျူစောထီးအလောင်း ၁ လောင်းကို ဇွန် ၁၉ ရက်​နေ့က လက်နက်ခဲယမ်းတွေနဲ့အတူတွေ့ရှိခဲ့ပြီး ဇွန် ၁၇ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ယောက်ကို အရှင်ဖမ်းမိခဲ့တယ်လို့ တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (တောင်သာမြို့နယ် ပကဖ) ဆီကနေ သိရပါတယ်။

တောင်သာမြို့နယ် ပကဖ ရဲ့ပြန်ကြားရေးတာဝန်ခံက “အရှင်ဖမ်းမိတဲ့သူက တပ်ကြပ်ကြီး အဆင့်ဖြစ်ပါတယ်။ တောင်သာနယ်ထဲကလမ်းပိုင်းတနေရာမှာ လုံခြုံရေးစစ်ဆေးနေချိန် ဖမ်းမိခဲ့တာပါ။ လက်နက်ခဲယမ်းတွေနဲ့ ပျူစောထီးအလောင်းတွေ့တာကတော့ ဒီမြို့နယ်ထဲမှာရှိတဲ့ ထနောင်းကုန်းရွာနားက လမ်းဘေးတနေရာမှာပါ” လို့ ပြောပါတယ်။

အရှင်ဖမ်းမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်ကြပ်ကြီးအောင်ဖြိုး (ကပ-၈၃၀၂၁၁) ဆီကနေ မြန်မာ့စီးပွားရေးဘဏ်စာအုပ်၊ မှတ်ပုံတင်၊ ယာဉ်မောင်းလိုင်စင်၊ ရွှေလက်စွပ် ၁ ကွင်း တို့သိမ်းဆည်းရရှိခဲ့ပြီး ပျူစောထီးရဲ့ရုပ်အလောင်းနဲ့အတူ ကာဘိုင်သေနတ် ၁ လက်၊ ကျည်အတောင့် ၂၃၀၊ ကျည်ဘောက် ၂ ခုတို့ တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

တောင်သာမြို့နယ် ပကဖ ရဲ့ တာဝန်ခံ ကိုကြည်စတား က “အရှင်ဖမ်းမိတဲ့ တပ်ကြပ်ကြီးအောင်ဖြိုးက ကပစ ၂၂ ထဲက ထုတ်လုပ်ရေးပိုင်းမှာ တာဝန်ထမ်းဆောင်နေတဲ့သူပါ။ ပဲခူးတိုင်း၊ သာဂရဘက်ကနေ မကွေးတိုင်း၊ မြိုင်ဘက်က မြန်မာ့စီးပွားရေးဘဏ်မှာ အပ်ထားတဲ့သူ့ပိုက်ဆံတွေထုတ်ဖို့ ခွင့်ယူပြီး ထွက်လာတာဖြစ်တယ်။ ကျန်တာတွေကတော့ စစ်ဆေးနေဆဲပါ။ ပျူစောထီးအလောင်း တွေ့တာကတော့ ဒီလိုပါ။ ထနောင်းကုန်းရွာဆိုတာပျူစောထီးရွာပါ။ အဲဒီကကောင်တွေက ပတ်ချာလည်ရွာတွေကိုသွားပြီး ပစ္စည်းလုတာတွေ လုပ်​လေ့ရှိတယ်။ အဲဒီမှာ သူတို့အချင်းချင်း အဝေမတည့်လို့ သတ်ပြီး စွန့်ပစ်ထားခဲ့တယ်လို့ ယူဆရတယ်။ ဘာဖြစ်လို့လဲဆိုတော့ အလောင်းတွေတဲ့တဝိုက်မှာ တိုက်ပွဲဖြစ်ခဲ့တာမရှိဘူး။ အဲဒီပျူအလောင်းကလည်း ထနောင်းကုန်းရွာသားလို့တော့ စုံစမ်းလို့ရတယ်ဗျ။ အလောင်းကိုသင်္ဂြိုဟ်ပေးပြီးတော့ လက်နက်ခဲယမ်းတွေကိုတော့ သိမ်းလာခဲ့လိုက်တယ်” လို့ DVB ကို ပြောပါတယ်။

ပျူစောထီးရဲ့ရုပ်အလောင်းမှာ ညှဉ်းပန်းနှိပ်စက်ခံထားရ​တဲ့ အညိုအမဲစွဲဒဏ်ရာတွေအပြင် သေနတ်ဒဏ်ရာ​တွေလည်း တွေ့ရတယ်လို့ သူက ဆက်ပြောပါတယ်။

တောင်သာမြို့နယ်ထဲကို စစ်ကောင်စီတပ်ရဲ့ ထောက်ပို့တွေမရောက်ရှိစေရေးအတွက် တောင်သာမြို့နယ်အတွင်းမှာရှိတဲ့ မြို့နယ်ချင်းဆက်လမ်းပိုင်းတွေကို တောင်သာမြို့နယ် ပကဖ က အခုလအဆန်းပိုင်းကစလို့ ယာယီပိတ်ပင်ထားပြီး လမ်းပိုင်းလုံခြုံရေးတွေ တိုးမြှင့်လုပ်ဆောင်နေတာကြောင့် ပြည်သူတွေအနေနဲ့လည်း ပူးပေါင်းပါဝင်ပေးကြဖို့ တိုက်တွန်းထားတယ်လို့ တောင်သာမြို့နယ် ပကဖ ဆီကနေ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024