
ဧရာဝတီတိုင်းထဲက စစ်မှုထမ်းတပ်သားအဖြစ် ဖိအားပေးစုဆောင်းခံရပြီး စစ်သင်တန်းတက်ခဲ့ရတဲ့ လူငယ်တွေကို မန္တလေးတိုင်းကတဆင့် တိုက်ပွဲပြင်းထန်နေတဲ့ ကချင်ပြည်နယ်ဘက်ကို ဇွန် ၁၉ ရက်က စတင်ပို့နေတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
စစ်မှုထမ်းတပ်သားသစ်တွေဟာ ဧရာဝတီတိုင်းအတွင်း စုဆောင်းခံခဲ့ရပြီး စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁၁ မှာ ရက်ပေါင်း ၇၀ ကျော် သင်တန်းပေးခဲ့သူတွေလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “ပထမ မန္တလေးတပ်တွေမှာထားမယ်ဆိုပြီး သင်တန်းကျောင်းတွေကနေ ခေါ်လာတာ။ မန္တလေးရောက်တော့မှ ကချင်ပြည်နယ်ဘက် သွားရမယ်လို့ ထုတ်ပြောတာ။ ကချင်ပြည်နယ်ကိုတော့ ရဟတ်ယာဉ်နဲ့ပို့ပေးတာ” လို့ ပြောပါတယ်။
တပ်သားသစ်အယောက် ၁၀၀ ကျော်ကို အသုတ်လိုက်ခွဲပြီး ရဟတ်ယာဉ်နဲ့ပို့ပေးနေသလို စစ်ယူနီဖောင်းအပို ၂ စုံပဲထုတ်ပေးထားတယ်လို့လည်း သိရပါတယ်။
ဘိုကလေးမြို့ခံတယောက်က “စစ်မှုထမ်းရတဲ့ လူငယ်အများစုက ဆန္ဒမပါသူတွေချည်းပဲ။ ကိုယ့်ဆန္ဒနဲ့ကိုယ် လိုက်တယ်ဆိုတာ ဝါဒဖြန့်တာသက်သက်ပါ။ အုပ်ချုပ်ရေးမှူးတွေနဲ့ စစ်ကောင်စီတပ် ပေါင်းပြီး စုဆောင်းခဲ့တဲ့သူတွေချည်းပဲ” လို့ ပြောပါတယ်။
စစ်မှုထမ်း အပတ်စဉ် ၁၁ က လူငယ်တွေကို စစ်ကောင်စီက လက်ကိုင်ဖုန်းတွေပေးမကိုင်ဘဲ မိသားစုနဲ့ပါ အဆက်အသွယ် ဖြတ်တောက်ထားတယ်လို့ စစ်မှုထမ်းမိသားစုတွေဆီက သိရပါတယ်။
ဧရာဝတီတိုင်းထဲက လူငယ်တွေအပါအဝင် စစ်မှုထမ်းအပတ်စဉ် ၁၁ သင်တန်းဆင်း တပ်သားသစ် လူငယ် ၃၀၀ ကျော်ကို ပြီးခဲ့တဲ့ ဇွန်လပထမအပတ်က ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းဘက် ပို့ခဲ့သေးတယ်လို့ သိရပါတယ်။