စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့နယ်၊ အင်္ဂါးကျေးရွာစာသင်ကျောင်းကို ဇွန် ၂၀ ရက် မနေ့ညနေပိုင်းက စစ်ကောင်စီဗုံးကြဲတိုက်ခိုက်လို့ ကျောင်းဆရာမ ၁ ယောက် သေဆုံးပြီး တချို့ဒဏ်ရာရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ညနေ ၄ နာရီလောက်မှာ မန္တလေး တံတားဦးလေဆိပ်ကတက်လာတဲ့ တိုက်လေယာဉ်က လာရောက်ဗုံးကြဲတာလို့ ဆိုပါတယ်။
ပင်လည်ဘူးမြို့နယ် ပအဖ တာဝန်ရှိသူတယောက်က “လေယာဉ်ရောက်လာပြီး တန်းကြဲသွားတာ။ ဆရာမတဦးကတော့ သေတယ်။ ကလေးတွေနဲ့ပတ်သက်ပြီး ဘာမှတော့ မကြားရသေးဘူး။ ကျနော့ဆီကို စာရင်းတက်လာတာကတော့ ဆရာမတယောက်တည်း ရှိသေးတယ်။ စာသင်ကလေးတွေ အသေအဆုံးကတော့ ဘာမှမသိရသေးဘူး။ သတင်းထပ်ရောက်လာရင် ထပ်ပြီးပြန်ပြောပါ့မယ်” လို့ ပြောပါတယ်။
ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့ဟာ အမျိုးသားညီညွတ်ရေးအစိုးရ- NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်၊ အမှတ် ၁ စစ်ဒေသက ၂၀၂၄ ခုနှစ်၊ ဩဂုတ်လမှာ မြို့သိမ်းတိုက်ပွဲစတင်ခဲ့ပြီးနောက် အောက်တိုဘာလမှာ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့မြို့လည်း ဖြစ်ပါတယ်။
ဒေသခံတယောက်က “ဆရာမကတော့ နေရာတင်သေဆုံးတယ်။ ကလေးတွေ ထိခိုက်ဒဏ်ရာ ရရှိတာတွေလည်း ရှိတယ်။ ဆေးဝါးကုသမှုတွေတွေ လုပ်ပေးနေပါတယ်ဗျ။ ဘာလို့ စာသင်ကျောင်းကို စစ်တပ်က ဗုံးကြဲတယ်လို့ထင်လဲဆိုတာ့ အဲဒီရွာမှာ ကျနော်တို့ ရဲဘော်တွေလည်းမရှိသလို တိုက်ပွဲလည်းမရှိပါဘူး။ ကလေးတွေ စာသင်တယ်ဆိုတာကို စစ်တပ်ကမကြိုက်လို့ ကြဲတဲ့ သဘောရှိလိမ့်မယ်။ အဓိက လက်နက်ကိုင် နှစ်ဖက်ကို မေတ္တာရပ်ခံချင်တာက စာသင်တဲ့ ကလေးတွေက လက်နက်ကိုင်နှစ်ဖက်စလုံးကို တော်လှန်နေတဲ့ ကလေးတွေမဟုတ်ကြပါဘူး။ ကြားကာလမှာ ကလေးတွေကိုတော့ နှစ်ဖက်စလုံးက ပညာသင်ခွင့် လွတ်လွတ်လပ်လပ် သင်ယူခွင့် ပေးစေချင်ပါတယ်။ ပညာနဲ့ဝေးသွားတဲ့ကလေးတွေဆိုရင် လမ်းမပေါ်ရောက်ပြီး လမ်းပျောက်ကုန်ကြရတယ်။ ကျောင်းစာမသင်ကြရတော့ အရပ်စိတ်တွေပေါက်ပြီး လင်ယူသားမွေး ဖြစ်ကုန်ကြရတယ်” လို့ ပြောပါတယ်။
လေကြောင်းတိုက်ခိုက်ခံရတဲ့ စာသင်ကျောင်းဟာ ရွာရဲ့အပြင်မှာရှိပြီး အင်္ဂါးကျေးရွာဟာ ပင်လည်ဘူးမြို့နယ်တောင်ဘက်နဲ့ ကောလင်းမြို့နယ်အစပ်မှာရှိပါတယ်။