DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းအထက်ပိုင်း ရေဘေးသင့်ပြည်သူများ အရေးပေါ်အကူအညီလိုအပ်
ဇွဲသစ်
·
August 10, 2026
စစ်ကိုင်းတိုင်းအထက်ပိုင်း ရေဘေးသင့်ပြည်သူများ အရေးပေါ်အကူအညီလိုအပ်
1 / 6
Photo: ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး
Donate to DVB

စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းနေပြီး မူးမြစ်ရေ မြင့်တက်လာတာကြောင့် ခင်ဦးနဲ့ ရွှေဘိုမြို့နယ်တွေက ကျေးရွာတွေ ရေနစ်မြုပ်နေပါတယ်။ ပြည်သူတွေဟာ ဘေးလွတ်ရာကို ရွှေ့ပြောင်းနေရပြီး စားနပ်ရိက္ခာ၊ သောက်သုံးရေနဲ့ ဆေးဝါးတွေ အရေးပေါ် လိုအပ်နေပါတယ်။ 

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ ဩဂုတ်လ ၇ ရက်ညပိုင်းကစပြီး မိုးသည်းထန်စွာ ရွာသွန်းနေတဲ့အတွက် မြို့နယ်အနောက်ခြမ်းက မူးတိမ်ချောင်း ရေကျိုးကျပြီး စပါးပျိုးခင်း၊ စိုက်ခင်းနဲ့ သီးနှံယာခင်းတွေထဲ ရေဝင်ရောက်နေပါတယ်။

မူးမြစ်နဲ့ DY-1 မူးဘောင်အတွင်း ရေဝင်နေတဲ့ ကျေးရွာတွေမှာလည်း မိုးဆက်တိုက် ရွာနေတာကြောင့် ရေမျက်နှာပြင် ပြန်လည်မြင့်တက်လာနေပြီး လက်ရှိ အနောက်တောင်နဲ့ အနောက်မြောက်ခြမ်းက ကျေးရွာ ၁၉ ရွာ ရေဝင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး တာဝန်ခံက “ချောင်းကျိုးတာတွေလည်း ရှိတဲ့အတွက် သီးနှံစိုက်ခင်းတွေ မြေကွက်တွေ အပါအဝင် ဒီ လယ်ယာသီးနှံခင်းတွေလည်း ဒါ ရေဝင်ပြီးတော့ ပျက်စီးကုန်တယ်ပေါ့နော်။ ရေဘေးရှောင်နေရတဲ့ လတ်တလော ကာလအတွင်းမှာလည်း တရွာနဲ့တရွာက တနေရာနဲ့တနေရာ ပိုပြီးတော့ သွားလာဖို့ လွယ်ကူမှုတွေ မရှိတော့ဘူးပေါ့နော်။ ရေရဲ့ အတိမ်အနက်ကလည်း အချို့နေရာတွေဆို လူတရပ် မြုပ်တာတွေ ရှိတယ်။ ဟို လူတရပ်မကတဲ့ နေရာတွေလည်း ရှိတယ်။ အဲဒီလိုနေရာမျိုးတွေ ရှိတဲ့အပြင် ကျနော်တို့မြို့နယ်ကနေပြီးတော့ အခြားမြို့နယ်ကိုသွားမဲ့လမ်းတွေမှာလည်း လမ်းမကောင်းတာကြောင့် သွားလာဖို့ အဆင်မပြေတဲ့အတွက် ထောက်ပံ့မှုတွေအတွက်လည်း ခက်ခဲမှုတွေ ကြုံတွေ့နေရတယ်။ အနေအစား အခက်အခဲတွေ အများကြီး ဖြစ်ပေါ်နေတယ်။ သက်ကြီးရွယ်အိုတွေနဲ့ အမျိုးသမီးတွေအတွက်လည်း အခက်အခဲတွေက အများကြီး ရင်ဆိုင်နေရတယ်” လို့ ပြောပါတယ်။

ခင်ဦးမြို့နယ်နဲ့ ဆက်စပ်တဲ့ ရွှေဘိုမြို့နယ်အနောက်မြောက်နဲ့ အနောက်တောင်ခြမ်းမှာလည်း မူးမြစ် ရေကြီးရေလျှံပြီး ကျေးရွာတွေထဲ ရေဝင်ရောက်နေပါတယ်။

မိုးဆက်တိုက်ရွာသွန်းနေတာကြောင့် သဖန်းဆိပ်ဆည်ကနေ ရေလွှတ်တာ ရပ်ထားပေမဲ့ မူးမြစ်ရေက ဆက်မြင့်တက်နေပြီး ရွှေဘိုမြို့နယ်အတွင်း ကျေးရွာ ၁၁ ရွာ ရေနစ်မြုပ်ကာ ပြည်သူ ၃,၀၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းထားရတယ်လို့ ရွှေဘိုမြို့နယ် ပကဖ တာဝန်ရှိသူတယောက်က ပြောပါတယ်။ ‌

“လက်ရှိအခြေအနေကတော့ ရေက ကျမသွားသေးပါဘူး။ သဖန်းဆိပ်ဆည်ကနေ ရေလွှတ်တာ မရှိတော့ပေမဲ့ မိုးဆက်တိုက်ရွာနေတာကြောင့် ရေက တိုးလာနေပါတယ်။ ရွှေဘိုမြို့နယ်ထဲမှာတော့ ကျေးရွာ ၁၁ ရွာ ရေနစ်မြုပ်နေပြီး ပြည်သူ သုံးထောင်ကျော် ‌ရွှေ့ပြောင်းထားရပါတယ်။ သဖန်းဆိပ်ကနေ ရေလွှတ်ချလိုက်တယ်ဆိုတာကို ကျနော်တို့ ၆ ရက်နေ့ ညနေပိုင်းမှာ သိရပါတယ်။ အဲဒီနေ့ ညနေကစပြီး မူးမြစ်ကမ်းဘေးရွာတွေနဲ့ ရေဝင်နိုင်တဲ့နေရာတွေက စစ်ရှောင်တွေကို ကြိုတင်အသိပေးခဲ့ပါတယ်။ ၇ ရက်နေ့ နေ့ခင်းပိုင်းကနေစပြီး ရွှေဘိုမြို့နယ် ပကဖ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြည်သူတွေကို စတင်ရွှေ့ပြောင်း နေရာချထားပေးပြီး လိုအပ်တဲ့ သောက်သုံးရေ ဆေးဝါးနဲ့ စားနပ်ရိက္ခာတို့ကို ထောက်ပံ့ပေးခဲ့ပါတယ်။”

မူးမြစ်ရိုးတလျှောက်မှာ ရေကြီးရေလျှံမှု ဆက်လက်ဖြစ်ပေါ်နေပြီး ရွှေဘို၊ ဒီပဲယင်း၊ ဝက်လက်နဲ့ အရာတော်မြို့နယ်တွေမှာလည်း ကျေးရွာတွေ ရေဝင်နစ်မြုပ်နေကာ ရေဘေးသင့်ပြည်သူတွေအတွက် စားနပ်ရိက္ခာ၊ သောက်သုံးရေ၊ ဆေးဝါးနဲ့ အမိုးအကာတွေ အရေးပေါ်လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်အထက်ပိုင်းမှာ မြစ်ရေစိုးရိမ်ရေမှတ်အထက် ကျော်လွန်ကာ စံချိန်တင် မြစ်ရေကြီးမှု ဆက်လက်ဖြစ်ပေါ်နိုင်တယ်လို့ မိုးဇလက သတိပေးထားပါတယ်။

မြန်မာနိုင်ငံအလယ်ပိုင်းမှာ ဒေသတွင်းမိုးရွာသွန်းမှု နည်းပါးနိုင်ပေမဲ့ အထက်ပိုင်းက စီးဆင်းလာမယ့် မြစ်ရေကြီးမှုလှိုင်းကြောင့် စစ်ကိုင်း၊ မန္တလေး၊ ပခုက္ကူ၊ ချောက်၊ ရေနံချောင်းနဲ့ မကွေးမြို့နယ်တွေက ဧရာဝတီမြစ်ကမ်းနားနေ ပြည်သူတွေအနေနဲ့ ရေဘေးအန္တရာယ်ကို ကြိုတင်ပြင်ဆင်ထားဖို့လည်း မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က တိုက်တွန်းထားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013