DVB Logo
Home
မြန်မာသတင်း
ကန်ကျနပူရီ ဘုန်းကြီးကျောင်း၌ မြန်မာ ၃၄ ဦးဖမ်းဆီးရပြီး ကျောင်းထိုင်ဘုန်းကြီးပါ လူဝတ်လဲခံရ 
DVB
·
June 20, 2025
ကန်ကျနပူရီ ဘုန်းကြီးကျောင်း၌ မြန်မာ ၃၄ ဦးဖမ်းဆီးရပြီး ကျောင်းထိုင်ဘုန်းကြီးပါ လူဝတ်လဲခံရ 
Donate to DVB

ထိုင်း-မြန်မာနယ်စပ်၊ ကန်ကျနပူရီခရိုင်မှာ ဘုန်းကြီးကျောင်းတကျောင်းတွင်း ယာယီ လာရောက်တည်းခိုတဲ့ အထောက်အထားမဲ့ မြန်မာ ၃၄ ယောက် ဖမ်းဆီးခံရသလို  ကျောင်းထိုင် ဘုန်းကြီးပါ သင်္ကန်းချွတ် လူဝတ်လဲ အရေးယူခံရတယ်လို့  ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

နယ်မြေတွင်း ရာဇဝတ်မှုနှိမ်နင်းရေး၊ တရားဥပဒေစိုးမိုးရေး Seal Stop Save စီမံချက်ဆောင်ရွက်နေတာမှာ  ဇွန် ၁၈ ရက်က ကန်ကျနပူရီခရိုင် ဆိုင်းယုဒ်မြို့နယ် ထာ့ဆောင်အုပ်စုရှိ လမ်းမကြီးပေါ်မှာ အီဇူစူးဟိုင်းလပ်ကားတစ်စီး မောင်းဝင်လာတယ်၊ အလေးချိန်စီးပြီး တန်ချိန်ပိုဟန်ရှိလို့ တာဝန်ရှိသူတွေက ခေါ်ယူစစ်ဆေးဖို့ပြင်ပေမဲ့ အဆိုပါကားဟာ အရှိန်မြှင့်မောင်းထွက်သွားတယ်လို့  တာဝန်ရှိသူက ပြောပါတယ်။ 

ဒီနောက် အဲဒီကားနောက်လိုက်လံကြည့်ရှုရာမှာ ကန်ကျနပူရီမြို့ ကိုင်ဆင့်ရပ်ကွက်ထဲ ရောက်တော့ ဖရူမ်ဘန်ယိုဘုန်းကြီးကျောင်းထဲ ချိုးဝင်သွားတာ တွေ့ရတယ်၊ နယ်မြေအုပ်ချုပ်ရေးအဖွဲ့တွေနဲ့အတူ ဘုန်းကြီးကျောင်းထဲ ဝင်ရောက်စစ်ဆေးရာမှာတော့ ဘုရား ခန်းမဆောင်ထဲမှာ အထုပ်အပိုးတွေနဲ့ နားနေတဲ့လူတစုကို တွေ့ရတယ်လို့ ဆိုပါတယ်။ 

စစ်ဆေးရာမှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသား အမျိုးသား အယောက် ၂၀၊ အမျိုးသမီး ၉ ယောက်နဲ့  ကလေး ၅ ယောက် စုစုပေါင်း ၃၄ ယောက်တွေ့ရှိပြီး မြန်မာဘက်ခြမ်း ဘုရားသုံးဆူမှ တရားမဝင် ဝင်ရောက်လာတာလို့ဆိုပါတယ်။

မြန်မာလုပ်သားတွေဟာ ထိုင်းနိုင်ငံအတွင်းပိုင်း  ဘန်ကောက်၊ ချချိန်းဆောင်း၊ စမွတ်စခွန်း၊ ဖန်င ၊ ကော်စမွီ၊ စူရတ်ဌာနီတွေမှာ အလုပ်သွားလုပ်ဖို့ဖြစ်ပြီး မလေးရှားနိုင်ငံဘက် ဆက်သွားမယ့်သူတွေလည်းပါဝင်ပြီး ပွဲစားခ တယောက်ကို  ဘတ် ၃၀,၀၀၀ မှ ၃၅,၀၀၀ စီ ပေးရတယ်လို့ သိရပါတယ်။

အသက် ၂၅ နှစ်ရွယ် ထိုင်းတောင်ပေါ်သား ၁၀ နှစ်ခံကတ် ကိုင်ဆောင်သူ နိုင်းလမိုင်းက အဲဒီလူတွေကို သယ်ဆောင်ခဲ့ကြောင်း ဝန်ခံပြီး  ခရီးတထောက် အဲဒီကျောင်းတိုက်မှာ လာနားခိုတယ်၊   ခရီးသည်တယောက်ကို  ဘတ် ၅၀ နှုန်း ဘုန်းကြီးကျောင်းကို ပေးတယ်၊ ဒီလိုလုပ်လာတာ အကြိမ်ပေါင်း ၂၀ ရှိပြီလို့ ဖွင့်ဟဝန်ခံပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျောင်းထိုင်ဘုန်းကြီး ဖရနုပ်ဖဒွန်း (သက်တော် ၅၀) ကို တရားမဝင်သူများ လက်ခံထားရှိမှု၊ အဖမ်းမခံရအောင် ကူညီမှုနဲ့ အရေးယူဖို့ သင်္ကန်းချွတ်လူဝတ်လဲလိုက်တယ်လို့ ဆိုပါတယ်။

ကန်ကျနပူရီခရိုင်ထဲမှာပဲ ဇွန်လ ၁၉  ရက်က တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား အမျိုးသားအယောက် ၂၀ နဲ့ အမျိုးသမီး  ၃ ယောက်တို့ အဖမ်းခံခဲ့ရပါတယ်။

သူတို့တွေဟာ နယ်စပ်လမ်းမှ ခြေလျင်လျှောက်ပြီး ဝင်ရောက်လာစဉ် ထောင်းဖာဖူးမြို့နယ် ချလဲအုပ်စု၊ ကရိန်ကဝဲကျေးရွာရှိ  ရာဘာခြံမှာ တာဝန်ရှိသူတွေနဲ့တွေ့ပြီး ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။ သူတို့ဟာလည်း မလေးရှားနိုင်ငံဆက်သွားဖို့ ပွဲစားကို ဘတ် ၅၅,၀၀၀ နဲ့ ပေးပြီး ဝင်ရောက်လာတာလို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

Source: Kanchanaburi News / Jocho News 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013