
ထိုင်း-မြန်မာနယ်စပ် ကန်ကျနပူရီခရိုင် ကန်ကျနပူရီမြို့နယ်မှာ ဒီကနေ့ ဩဂုတ် ၇ ရက်က နေ့ကလေးထိန်းကျောင်းထဲကို ကားတစီးဝင်တိုက်မှုဖြစ်ပွားပြီး ကလေးငယ် ၁၃ ယောက် ထိခိုက်ဒဏ်ရာ ရသွားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ဒီကနေ့ မွန်းတည့် ၁၂ နာရီလောက်က ကန်ကျနပူရီမြို့ ကိုင်ဆင့်အုပ်စု ဘန့်ဆောင်တောင်းန်ရပ်ကွက်ရှိ နေ့ကလေးထိန်းကျောင်းမှာ ကလေးငယ်တွေ နေ့လယ်နေ့ခင်း အိပ်မောကျနေစဉ် အနက်ရောင် အိမ်စီး ဆလွန်းကားတစီး အရှိန်နဲ့ ဝင်တိုက်ခဲ့တာလို့ ဆိုပါတယ်။
အဆိုပါအခန်းထဲမှာ ကလေးငယ် ၃၄ ယောက် ရှိနေပြီး ထိခိုက်ဒဏ်ရာရတဲ့ ကလေး ၁၃ ယောက်ရှိကာ ဘေးကင်းသူ ၂၁ ယောက် ရှိပါတယ်။
ဆရာမနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက ဒဏ်ရာရ ကလေးတွေ အားလုံးကို ဆေးရုံပို့ပေးခဲ့ပါတယ်။
ကားစက်ချို့ယွင်းမှုကြောင့် ယဉ်တိုက်မှုဖြစ်တာလို့ ကနဦးသိရပြီး ကားမောင်းသူ ဘယ်သူဘယ်ဝါ ဆိုတာနဲ့ ဖြစ်ပွားပုံ အသေးစိတ်ကိုတော့ တာဝန်ရှိသူတွေ စစ်ဆေးနေဆဲပဲလို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
Source: Ei Jan / Kanchanaburi / One News / Rattanavudh Foundation










