DVB Logo
Home
မြန်မာသတင်း
မြင်းခြံတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး အရာရှိ အပါအဝင် ၃ ဦးသေဆုံး
DVB
·
June 20, 2025
မြင်းခြံတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး အရာရှိ အပါအဝင် ၃ ဦးသေဆုံး
Donate to DVB

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ထဲမှာ ဇွန် ၁၇ ရက် ညနေ ၆ နာရီခွဲဝန်းကျင်က ကားနဲ့ထွက်လာကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကြားဖြတ်တိုက်ခိုက်ခဲ့လို့ ဗိုလ်ကြီးတယောက် အပါအဝင် ၃‌ ယောက် သေဆုံးခဲ့တယ်လို့ Myingyan Black Tiger (MBT) တပ်ဖွဲ့က ဇွန် ၁၉ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

Myingyan Black Tiger (MBT) တပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ရှိသူက “ရန်သူ့စခန်းတွေများတဲ့ အနိမ့်ရွာနဲ့ ခေါင်းကွဲရွာကြားမှာ ကျနော်တို့ဘက်က အထူးကွန်မန်ဒိုရဲဘော် ၇ ယောက်က တပတ်နီးပါးလောက် ​​သွားစောင့်ပြီးတော့မှ အခုမစ်ရှင်က အောင်မြင်ခဲ့တာပါ။ ကြိုသတင်းရတာ ကားတစီးလာမယ်ပေါ့။ တကယ်လာတာက အိမ်စီးကား ၂ စီးဖြစ်ပြီးတော့ အင်အားများတာနဲ့ ကျည်မလောက်တော့တာ။ အဲဒါကြောင့်မို့လို့ လက်နက်တွေမကောက်တော့ဘဲ အထူးကွန်မန်ဒိုရဲဘော်တွေ ထိခိုက်ဒဏ်ရာရတဲ့သူမရှိဘဲ ပြန်ဆုတ်လာကြတာပါ။ သူတို့ဘက်ကတော့ သုံးပွင့်ဗိုလ်ကြီးတယောက်ရယ်၊ တပ်သားတယောက်နဲ့ ပျူစောထီး​ခေါင်းဆောင် တယောက်တို့ ပွဲချင်းပြီးသေတယ်။ တယောက် ဒဏ်ရာရပြီးတော့ ကျန်တဲ့ကောင်တွေတော့ ထွက်ပြေးသွားကြတယ်” လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း သေဆုံးသွားကြသူတွေဟာ စစ်ကောင်စီတပ်က သုံးပွင့်ဗိုလ်ကြီး ပြည့်ဖြိုးကျော်၊ တပ်သား ပိုင်စိုးနဲ့ ပျူစောထီးခေါင်းဆောင် မင်းသိုက်တို့ ဖြစ်ပြီး တပ်ကြပ်ကြီး မုတ်ဆိတ် ကတော့ အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

Myingyan Black Tiger (MBT) တပ်ဖွဲ့တာဝန်ခံ ဗိုလ်မိုက်ခဲက “သေသွားတဲ့ သုံးပွင့်ကောင် ပြည့်ဖြိုးကျော်က ရုရှားကနေ စစ်ပညာသင်ပြန်။ ပျူစောထီး ခေါင်းဆောင်ကတော့ အနိမ့်သာပေါင်းရွာက ပျူစောထီးခေါင်းဆောင်ပါ။ နောက် သေတဲ့တပ်သား ပိုင်စိုး ကတော့ ပြည့်ဖြိုးကျော်ရဲ့ PSO လို့ ယူဆရတယ်။ သေတဲ့ ၃ ယောက်နဲ့ ဒဏ်ရာရတဲ့ တယောက်က ကားတစီးတည်း စီးလာကြတာလို့ သိရတယ်။ ဒဏ်ရာရတဲ့ တပ်ကြပ်ကြီး မုတ်ဆိတ်ကို သီတာယုမွန်​နဲ့ ပျူစောထီးအဖွဲ့က မြင်းခြံဆေးရုံပို့လိုက်တယ်။ ပျူစောထီးခေါင်းဆောင် မင်းသိုက်ရဲ့ အလောင်းကိုလည်း သီတာယုမွန်​နဲ့ ပျူစောထီးအဖွဲ့ကပဲ သင်္ဂြိုဟ်ဖို့ သယ်သွားတယ်တဲ့။ မိသားစုဆီတော့ အလောင်းပြန်မပေးသေးဘူးလို့ ကြားတယ်ဗျ” လို့ကို ပြောပါတယ်။

အခုတိုက်ခိုက်မှုကို အထူးစစ်ဆင်ရေးတရပ်အနေနဲ့ ဖော်ဆောင်ခဲ့တာဖြစ်ပြီး ဆက်လက်ပြီးတော့လည်း အထူးစစ်ဆင်ရေး စီမံချက်တွေ ဆောင်ရွက်ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ချေမှုန်းသွားဖို့ ရှိတယ်လို့လည်း သူက ဆက်ပြောပါတယ်။

အထူးစာရင်းမှာ ထည့်သွင်းထားတဲ့ စစ်ကောင်စီအရာရှိတွေနဲ့ ပျူစောထီးခေါင်းဆောင်တွေကို အရှိန်မြှင့် ချေမှုန်းသွားမှာဖြစ်လို့ ပြည်သူလူထုတွေအနေနဲ့ သူတို့နဲ့ ဝေးဝေးမှာနေထိုင်ကြဖို့ တိုက်တွန်းထားတယ်လို့လည်း Myingyan Black Tiger (MBT) ဆီကနေ သိရပါတယ်။

စစ်ကောင်စီလက်အောက်ခံတွေ တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လာတာ မတွေ့ရသေးသလို တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ လက်အောက်ခံတွေ သေဆုံးဒဏ်ရာရတဲ့အပေါ်မှာလည်း DVB အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013