
မန္တလေးတိုင်း၊ မြင်းခြံမြို့၊ အမှတ် ၇ ရပ်ကွက်မှာရှိတဲ့ အေးမြသီတာဈေးမှာ စက်တင်ဘာ ၂၇ ရက် ည ၇ နာရီ ၅၂ မိနစ်လောက်က မီးလောင်ပြီး ဆိုင်ခန်း ၂၇ ခန်း မီးလောင်ပျက်စီးဆုံးရှုံးခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
မီးလောင်မှုဖြစ်ပွားခဲ့တဲ့ ဈေးရုံအမှတ် (ခ) မှာ ဆိုင်ခန်း ၇၂ ခန်းရှိတဲ့အနက် အထည်ဆိုင်၊ စားသောက်ကုန်ဆိုင်နဲ့ လျှပ်စစ်ပစ္စည်းဆိုင်တွေ အပါအဝင် ဆိုင်ခန်း ၂၇ ခန်း မီးလောင် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ မီးငြှိမ်းရာမှာ ကူညီဆောင်ရွက်ပေးသူတဲ့ ဒေသခံက ပြောပါတယ်။
“မီးလောင်မှုကြောင့် လူထိခိုက်တာ မရှိပါဘူး။ ဆိုင်ခန်း ၂၇ ခန်း မီးထဲ ပါသွားတာပါ။ ဆုံးရှုံးမှုနဲ့ မီးလောင်ရတဲ့ အကြောင်းအရင်းကို စစ်ဆေးနေတုန်းပါ။”
အေးမြသီတာဈေးအတွင်းမှာ ဈေးရုံအမှတ် (က) ကနေ (ည) အထိ ဈေးရုံ ၁၀ ရုံရှိပြီး ဆိုင်ခန်းပေါင်း ၁,၁၂၈ ခန်းရှိပါတယ်။
မီးလောင်မှုကို မြင်းခြံခရိုင်၊ မြို့နယ်နဲ့ နယ်မြေမီးသတ်စခန်းတွေ၊ စက်မှုဇုန်မီးသတ်စခန်းတို့က မီးသတ်ယာဉ်တွေနဲ့ ရေသယ်ယာဉ်တွေ၊ လူမှုကူညီရေးအသင်းတွေ ပူးပေါင်းပြီး ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြပါတယ်။
စက်တင်ဘာ ၂၇ ရက် ည ၈ နာရီ ၃၄ မိနစ်ဝန်းကျင်မှာ လုံးဝမီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။










