DVB Logo
Home
မြန်မာသတင်း
နယ်မြေအငြင်းပွားနေသည့် MNDAA နှင့် SSPP တို့ ငြိမ်းချမ်းစွာဖြေရှင်းရန် သဘောတူ 
DVB
·
June 19, 2025
နယ်မြေအငြင်းပွားနေသည့် MNDAA နှင့် SSPP တို့ ငြိမ်းချမ်းစွာဖြေရှင်းရန် သဘောတူ 
1 / 21
Donate to DVB

နယ်မြေအငြင်းပွားမှုဖြစ်ပွားနေတဲ့ ကိုးကန့်တပ် MNDAA နဲ့ ရှမ်းတပ် SSPP တို့ဟာ လတ်တလောဖြစ်နေတဲ့ပြဿနာတွေကို ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းဖို့ သဘောတူခဲ့ကြတယ်လို့ ကိုးကန့်တပ်ရဲ့ ပြန်ကြားရေး The Kokang ကနေ ဇွန် ၁၈ မှာ ထုတ်ပြန်ပါတယ်။

အထူးဒေသ ၁ သိန္နီခရိုင်၊ သံလွင်ကျေးရွာမှာ ဇွန် ၁၇ ရက်က တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပြီး ‘ဝ’ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ကိုယ်စားလှယ်အဖွဲ့ကလည်း သက်သေအဖြစ် တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်တော် (MNTJP/MNDAA) နဲ့ ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့အကြား အဆင့်မြင့်တွေ့ဆုံဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ပြီး နှစ်ဖက်ဆက်ဆံရေး အပါအဝင် ကိစ္စရပ်အများကြီးအတွက် သဘောတူညီမှုတွေ ရရှိခဲ့တယ်လို့ ထုတ်ပြန်ထားတာပါ။

တွေ့ဆုံမှုမှာ နှစ်ဖက်လုံးစိတ်ဝင်စားကြတဲ့ လတ်တလောကိစ္စရပ်တွေ နဲ့ ပတ်သက်လို့ နက်နက်ရှိုင်းရှိုင်း ဆွေးနွေးဖလှယ်ခဲ့ကြပြီး သမိုင်းကြောင်းအရ ရင်းနှီးတဲ့ညီအစ်ကို တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းတွေအဖြစ် အရင်မျိုးဆက်တွေ တည်ဆောက်ခဲ့တဲ့ တော်လှန်ရေးမိတ်ဖွဲ့မှုကို ထိန်းသိမ်းဖို့တာဝန်ရှိကြောင်း၊ ကြီးတဲ့အမှုငယ်အောင်၊ ငယ်တဲ့အမှု ပပျောက်အောင်ဆိုတဲ့ နိယာမကိုလက်ကိုင်ထားပြီး လတ်တလောပေါ်ပေါက်လာတဲ့ အမြင်ကွဲလွဲတာတွေ၊ သဘောထားကွဲလွဲတာတွေကို ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းဖို့ သဘောတူညီခဲ့ကြတယ်လို့ ဆိုပါတယ်။

MNDAA ဒုတိယစစ်ဦးစီးချုပ် Mr. Peng De Jun က “MNDAA သည် အခြားမည်သည့် တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းနှင့်မဆို ပဋိပက္ခဖြစ်ပွားလိုခြင်း မရှိပါ။ မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအားလုံးနှင့် ချစ်ကြည်ရင်းနှီးစွာ နေထိုင်လိုပါသည်။ MNDAA သည် အခြားမည်သည့် တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းကိုမဆို ဖိနှိပ်ရန် မည်သည့်အခါမှ စိတ်ဆန္ဒမရှိခဲ့သလို၊ ယခုလည်း မရှိပါ။ အနာဂတ်တွင်လည်း လုံးဝရှိလာမည် မဟုတ်ပါ” လို့ ပြောခဲ့တယ်လို့လည်း ဆိုပါတယ်။

MNDAA ကိုယ်စားလှယ်အဖွဲ့မှာ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် Mr. Peng De Jun အပါအဝင် အရာရှိကြီး ၁၃ ယောက်၊ SSPP ကိုယ်စားလှယ်အဖွဲ့မှာတော့  ဒုတိယတပ်မှူးချုပ် ဗိုလ်ချုပ်ကြီး ဦးနိုင်ဖ ဦးဆောင်ပြီး စုစုပေါင်း ၁၄ ယောက်ပါဝင်တယ်လို့ သိရပါတယ်။

နှစ်ဖက်အပြန်အလှန် ဆက်သွယ်မှုကို မြှင့်တင်ဖို့အတွက် အဆင့်မြင့်ဆက်သွယ်ညှိနှိုင်းရေး ယန္တရားဖွဲ့စည်းဖို့ သဘောတူညီခဲ့ပြီး အစည်းအဝေးကပဲ နှစ်ဖက်အလုပ်အဖွဲ့တွေရဲ့ ဆက်သွယ်ရေး တာဝန်ရှိသူတွေကို ချက်ချင်းသတ်မှတ်ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။ 

ဆွေးနွေးပွဲအပြီးမှာ နှစ်ဖက်ခေါင်းဆောင်တွေ မှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ပြီး နေ့လယ်စာအတူတူ စားခဲ့ကြတယ်လို့လည်း ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၈ ရက် ညနေပိုင်းက MNDAA ကိုးကန့်တပ်တွေဟာ သီပေါမြို့နယ် နမ့်မကျေးရွာကို ဝင်ရောက်လာတာကနေ SSPP တပ်တွေနဲ့ စကားအချေအတင် ဖြစ်ကြပြီးနောက် ဧပြီ ၂၉ မနက်ပိုင်းမှာ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

နယ်မြေအငြင်းပွားမှုတွေကြောင့် ပစ်ခတ်မှုတွေဖြစ်ခဲ့တဲ့ SSPP နဲ့ MNDAA တပ်တွေဟာ  ပထမအကြိမ်တွေ့ဆုံဆွေးနွေးမှုကို UWSA ဌာနချုပ် ပန်ဆိုင်းမှာ လုပ်ခဲ့ကြပေမဲ့ အဆင်မပြေခဲ့ကြဘူးလို့ သိရပါတယ်။

Photo : The Kokang

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013