
စစ်ကိုင်းငလျင်ကြောင့် ထိခိုက်ဒဏ်ရာရခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဆီကို ပေးပို့တဲ့ ဆေးဝါးနဲ့ စားစရာတွေ လက်ခံရ၊ မရ မသိရဘူးလို့ နေပြည်တော် အချုပ်ထောင်နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
မတ် ၂၈ ရက် စစ်ကိုင်းငလျင်ကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ ဘယ်ဘက်လက်မောင်းမှာ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဇွန် ၁၉ ရက်မှာ စုဖောင်ဒေးရှင်းနဲ့ ပြင်သစ်အခြေစိုက် လူ့အခွင့်အရေးရှေ့နေအဖွဲ့ Zimeray & Finelle တို့က ဇွန် ၁၉ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ဒီအခြေအနေဟာ ဟုတ်မှန်ကြောင်း မြေပြင်မှာ စောင့်ကြည့်နေသူတွေက အတည်ပြုပေမဲ့ အတိအကျ အချက်အလက်တော့ သတင်းမရဘူးလို့ ဆိုပါတယ်။
အရင်က ဒေါ်အောင်ဆန်းစုကြည်အနားမှာထားတဲ့ အကျဉ်းဦးစီးဝန်ထမ်းတွေနဲ့ လုံခြုံရေးတွေကို စစ်ကောင်စီက မကြာခဏ အပြောင်းအလဲလုပ်နေတာကြောင့် သတင်းစုံစမ်းဖို့ ခက်ခဲတယ်လို့ ဆိုပါတယ်။
နေပြည်တော် အချုပ်ထောင်နဲ့ နီးစပ်သူတယောက်က “တဆင့်ခံတွေနဲ့ သတင်းကြားတိုင်း စုံစမ်းရတာတော့ ငလျင်တုန်းကတော့ လက်မှာ ဒဏ်ရာနည်းနည်းရတယ်ဆိုတဲ့ကိစ္စတော့ သိရတယ်။ ကျန်တာတော့ ပြင်းပြင်းထန်ထန် ဘာမှမဖြစ်ဘူးလို့ သိရတယ်။ သူ့ကိုထားတဲ့ အဆောက်အအုံကလည်း ဒုဝန်ကြီးအဆင့်မှာ ထားတယ်လို့ သိရတယ်။ ဒါပေမဲ့ အဲဒီအဆောက်အအုံကလည်း တထပ်မို့လို့ ထွေထွေထူးထူး သိပ်အများကြီး မပျက်စီးဘူးလို့ သိရတယ်။ သတင်းမှာ ပေါ်လာတာကတော့ အာဏာပိုင်အဖွဲ့အစည်းတွေ သူတို့ကိုယ်တိုင် လုပ်တဲ့ကိစ္စ၊ သူတို့ဆီက ပေါ်တာကိုး၊ သူတို့လုံခြုံရေးအပြည့်ယူပြီးတော့ သူတို့ဘာသာ အသံဖမ်းတာ။ အဲဒီလို ပေါက်ကြားတာကျတော့လည်း ကျနော်တို့တွေ ဘာမှမသိရဘူး။ သူတို့ဆီက ပေါက်ကြားတဲ့ သဘောပါပဲ”လို့ ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၂ ဒီဇင်ဘာလမှာ ရှေ့နေအဖွဲ့က နောက်ဆုံးတွေ့ခဲ့ရတာဖြစ်ပြီး အချိန် ၂ နှစ်ခွဲကျော် စစ်ကောင်စီက သတင်းအမှောင်ချထားခဲ့တာပါ။
အဲဒီနောက်ပိုင်း တွေ့ဆုံခွင့်မရတော့တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် လိုအပ်တာတွေကို ပေးပို့နိုင်ဖို့ NLD အစိုးရလက်ထက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူရဲ့ဇနီးကို ရှေ့နေအဖွဲ့က ကိုယ်စားလှယ်လွှဲစာ(ပါဝါ) ထုတ်ပေးခဲ့ရပါတယ်။
နေပြည်တော်အချုပ်ထောင်နဲ့ နီးစပ်သူတယောက်က “အမှုစစ်စဉ်ကတည်းကတော့ မစစ်ခင် နာရီဝက်၊ ၄၅ မိနစ် တွေ့ရတာပဲရှိတယ်။ ပစ္စည်းပို့တာကျတော့ မှာတဲ့ဆေးတို့၊ စာအုပ်တို့၊ အစားအသောက်တို့ သယ်လာပေးပြီး ထောင်ဘူးဝမှာပဲ အပ်ရတယ်။ သူတို့က အဲဒီထောင်ကနေပဲ သယ်သွားတာပဲ ရှိတယ်။ နောက်ပိုင်းသူတို့ မပေးရဘူး ဆိုတဲ့ဟာမျိုးလေးတွေ ပြန်ပေးလို့ ယူရတာ ရှိတယ်၊ စာအုပ်တွေ တချို့ဟာ ပြန်သယ်ရတာရှိတယ်။ တချို့အစားအသောက်တွေ ပြန်သယ်ရတာ ရှိတယ်။ အမိန့်ချပြီးနောက်မှာ နေပြည်တော်မှာ နေပြီးတော့ ဆက်သွယ်ပြီး ကူညီပေးလို့ရမယ့် ဝန်ကြီးဦးမင်းသူရဲ့ဇနီး အဲဒီဆရာမကနေပဲ အစားအသောက်တို့ စာအုပ်တို့ ဆေးတို့ ပေးရတာလို့ပဲ သိတယ်။ ပထမပိုင်း အမှုစစ်လို့ရတဲ့အချိန်တုန်းကတော့ နောက်တပတ်ကျရင် ဘာရောက်တယ်၊ ဘာရောက်တယ် အဲဒီလို ပြောပြလို့ရတယ်။ အမိန့်တွေချပြီးတော့ မတွေ့ရတဲ့နောက်ပိုင်း ရောက်တယ်၊ မရောက်ဘူးဆိုတာ အတိအကျတော့ ဘာမှမသိရဘူးပေါ့”လို့ ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အကျဉ်းချခံထားရတုန်း အခြေခံလိုအပ်ချက်တွေရှိလို့ တောင်းဆိုတာကို စစ်ကောင်စီက မလိုက်လျောပေးခဲ့သလို ၂၀၂၃ စက်တင်ဘာလမှာ သွားဖုံးရောင်ဝေဒနာခံစားရလို့ ဆေးကုသခွင့်တောင်းတာကို စစ်ကောင်စီက ခွင့်မပြုခဲ့ပါဘူး။
အခု ငလျင်ကြောင့် ထိခိုက်မှုအတွက်လည်း ကောင်းမွန်တဲ့ ဆေးဝါးကုသမှု ခံယူခွင့်ရ၊ မရ အတိအကျ မသိကြရပါဘူး။
နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ဦးထွန်းကြည်က “အငြိုးအတေးနဲ့ပေါ့နော်၊ စစ်အာဏာရှင်တွေရဲ့ သန္ဓေဆိုးတွေ သူတို့ရဲ့စရိုက်ပေါ့နော်၊ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာက မနာလိုမရှုစိမ့်ပေါ့နော်၊ ငလျင်ရဲ့ အကျိုးဆက်ကြောင့် ထိခိုက်အနာတရ ရတယ်ပေါ့နော်၊ အစ်ကိုတို့က မှန်းဆချက်လောက်နဲ့ပဲ ပြောနေရတာ။ ထောင် ဆိုတာကို အစ်ကိုတို့ နားလည်တယ်။ ကျန်းမာရေးစောင့်ရှောက်မှုကလည်း အလွန်အားနည်းတယ်။ ဆေးဝါးကလည်း မလုံလောက်ဘူး။ လိုအပ်လို့ အပြင်ဆေးရုံကို တက်ရမယ့်ကိစ္စတွေကိုလည်း ပိတ်ပင်တားဆီးမှုတွေကြောင့် မန္တလေးတိုင်းဝန်ကြီးချုပ် (ဒေါက်တာဇော်မြင့်မောင်) ဆိုရင် ပီပီပြင်ပြင် ဆေးကုသခွင့်ရမယ်ဆိုရင် အခုအချိန်အထိ ရှင်သန်ခွင့်ရဦးမှာပေ့ါနော်၊ တခြား နိုင်ငံရေးအကျဉ်းသားတွေလည်း ဒီအတိုင်းပဲ။ တာဝန်ယူ တာဝန်ခံရမှာက နိုင်ငံတကာစစ်ရာဇဝတ်ကောင် စစ်ကောင်စီ ဖြစ်တယ်။ အဲဒီအတွက်ကြောင့်မို့လို့ အခုတော့ ဟိုနေရာကိုရွှေ့ပြောင်းထားပါတယ်၊ အကျယ်ချုပ်ထားပါတယ်၊ အသက်ကြီးတဲ့အတွက် ရာသီဥတု ပြင်းထန်လို့ ဒီထက်ကောင်းတဲ့နေရာမှာ ထားထားပါတယ်ဆိုတာလည်း တို့အနေနဲ့က လုံးဝအယုံအကြည်မရှိဘူး” လို့ ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီလကတည်းက စစ်ကောင်စီက ဖမ်းဆီးအကျဉ်းချခဲ့တာဖြစ်ပြီး လက်ကျန်အမှု ၁၄ ခုအတွက် ထောင်ဒဏ် ၂၇ နှစ် ကျခံနေရတာပါ။
၂၀၂၅ ဇွန် ၁၉ ရက်မှာ အသက် ၈၀ ပြည့်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ တရားခွင်မှာ တရားရင်ဆိုင်နေတဲ့ မှတ်တမ်းရုပ်သံဟာ ပြင်ပမှာပေါက်ကြားခဲ့ပြီး ဒီပေါက်ကြားမှုဟာ စစ်ကောင်စီဘက်က ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာဖြစ်နိုင်တယ်လို့ လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။
သုတချမ်းသာ