
စစ်တပ်ရဲ့ မတရားအာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ မြန်မာ့နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းရာမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမှု မပါဘဲ ပြေလည်ရေးလမ်းစ မရရှိနိုင်ပါလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)က ဒီကနေ့ ဇွန် ၁၉ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
လူထုခေါင်းဆောင်အဖြစ် သတ်မှတ်ခံထားရသူဖြစ်သလို ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရပါတီ ခေါင်းဆောင်လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ့အရေးပြဿနာတွေ ပြေလည်ဖို့ ဖြေရှင်းရာမှာ ချန်လှပ်ထားမရတဲ့ အရေးပါဆုံးပုဂ္ဂိုလ်ဖြစ်တယ်လို့ ယုံကြည်မိကြောင်း NLD ကဆိုပါတယ်။
ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဥ်းသားတွေအားလုံး အမြန်ဆုံးလွတ်မြောက် နိုင်ဖို့အတွက် ဆက်လက် ကြိုးပမ်းအားထုတ်ပေးဖို့နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လည်း အတူတူ ထိရောက်သွေးစည်းစွာ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က မတရား ဖမ်းဆီးထားချိန်ကာလအတွင်း မိသားစုနဲ့ ထောင်ဝင်စာ တွေ့ဆုံခွင့်မရသလို ဘယ်နေရာမှာ ချုပ်နှောင်ထားတယ် ဆိုတာကို စစ်ကောင်စီက လက်ရှိအချိန်ထိ တရားဝင်ထုတ်ပြန်ထားတာမရှိပါဘူး ။
ဒါကြောင့် ကျန်းမာရေးနဲ့အသက်အန္တရာယ်ကို များစွာစိုးရိမ်ရတဲ့အခြေအနေမှာရှိနေပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ခုလိုလုပ်ရပ်ဟာ သူရဲဘောကြောင်စွာ နိုင်ငံရေးဓားစာခံအဖြစ် ဖမ်းဆီးချုပ်နှောင်ထားတာဖြစ်လို့ ရှုတ်ချပါတယ်လို့ NUG ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒီနေ့ ဇွန် ၁၉ ရက်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့်မွေးနေ့ဖြစ်ပြီး မွေးနေ့ဆုတောင်း လူထုလှုပ်ရှားမှုတွေနဲ့ သူအပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်ရေး ပြည်တွင်းနဲ့ နိုင်ငံတကာမှာ တောင်းဆိုတိုက်တွန်းနေကြပါတယ်။
ကေခိုင်