Home
ဆောင်းပါး
စုမွေးနေ့ ၈၀ ကဗျာများ 
မောင်တူး
·
June 19, 2025

တခဲနက်

ပျံသန်းခြင်းနဲ့ စိမ်းလန်းခြင်းရဲ့

အသက် .........................

အမွေးအတောင်မရှိတော့တဲ့ ငှက်တွေက

သစ်ရွက်တစ်ရွက်မှ မရှိတော့တဲ့ သစ်ပင်မှာ

ဆက်နားနေတယ် ။ ။

မင်းထင်ကိုကိုကြီး

၂၇ ဇွန် ၂၀၁၀

အမေစုကို နေအိမ်အကျယ်ချုပ် ထားထားတဲ့ ကာလတုန်းက ရေးခဲ့တဲ့ကဗျာပါ။

ဆရာမင်းထင်ကိုကိုကြီးရဲ့ ကဗျာဟာ စု ၈၀ ကြို ဂုဏ်ပြုကဗျာ ၂၃ ပုဒ်မြောက်ပေါ့။ မလွတ်လပ်တဲ့ ကာလ နိမိတ်ပုံနဲ့ ရေးခဲ့တာပါ။ ဆရာမင်းထင်ကိုကိုကြီးဟာ အမေစုကို ကဗျာတပုဒ်ရေးပေးဖို့ ပန်ကြားခဲ့ပြီး အမေစုကလည်း ရေးပေးခဲ့လို့ အဲသည်ကဗျာ အမေစုရဲ့ လက်ရေးမူကို ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့တုန်းက ရန်ကုန်မြို့မှာလုပ်တဲ့ အွန်လိုင်းလေလံပွဲတခုမှာ အမည်မသိပုဂ္ဂိုလ်တဦးက မြန်မာကျပ်ငွေ သိန်း ၂,၄၀၀ (အမေရိကန်ဒေါ်လာ ၁၈၀,၀၀၀ ဝန်းကျင်) နဲ့ လေလံအောင်မြင်သွားခဲ့ဖူးပါတယ်။ ကဗျာခေါင်းစဉ်က “ကဗျာဆိုတာ” ဖြစ်ပါတယ်။

ကဗျာဆိုတာ...

လူ့စဉ်းစားဉာဏ်ရဲ့ ပဲ့တင်သံ၊

လူ့နှလုံးသားရဲ့ ခုန်လှုပ်သံ၊

လူ့စိတ်ဓာတ်ရဲ့ မြည်ဟီးသံ၊

လူ့မျှော်လင့်ချက်ရဲ့ သီကျူးသံ၊

ကဗျာဆိုတာ...

ကျမတို့ရဲ့ ရုန်းကန်သံပါပဲ။ ။

အောင်ဆန်းစုကြည်

နှစ်ဆယ့်လေးပုဒ်မြောက် စု ၈၀ ကဗျာ

၂၄ ပုဒ်မြောက် စု ၈၀ ကြို ကဗျာတပုဒ်ကို ဆရာအမ်ဇွန်အောင်က ပေးပို့လာပါတယ်။ ကျနော်က ကဗျာဟောင်းသစ်တွေ ရေးပို့လာပါလို့ ဖိတ်ခေါ်တာကို တွေ့ပြီး ပို့လာပုံရပါတယ်။ ဒီနေ့ သို့မဟုတ် မနေ့ကရေးလိုက်တာ ဖြစ်နိုင်ပါတယ်။ ခေါင်းစဉ်က “ပြည်သူချစ်တဲ့အကျဉ်းစံတစ်ဦးရဲ့ဝတ်စုံ” ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် စု ၈၀ အတွက် ၂၄ ပုဒ်မြောက် ဂုဏ်ပြုကဗျာလေးပေါ့။

ပြည်သူချစ်တဲ့ အကျဉ်းစံတစ်ဦးရဲ့ ဝတ်စုံ

“ထောင်ဝတ်စုံ.......” တဲ့

သူ့ကိုချစ်တဲ့

ပြည်သူလူထုရဲ့ အမြင် ခံစားချက်က

အကျည်းတန် မျက်ရည်စိုဝတ်စုံ ဖြစ်‌စေခဲ့ပြီး

သူမ အနေနဲ့ကတော့ တရားမျှတခြင်း

လွတ်လပ်ခြင်း တန်းတူညီမျှခြင်းအတွက်

ပြည်သူကိုချစ်တဲ့ ခံယူချက် ယုံကြည်ချက်တွေနဲ့

ဝတ်ဆင်ခွင့်ရရှိလိုက်တဲ့

ဘဝတက္ကသိုလ်ရဲ့ ဘွဲ့လွန်ဝတ်စုံ ဖြစ်နေလေရဲ့။

သာမန် အဆောင် အယောင်

အဝတ်အစားတစ်ခု ဆိုပေမယ့်

ရိုးပုံ ရိုးပါးနဲ့ တန်ကြေးဖြတ်လို့မရနိုင်တဲ့

ကမ္ဘာ့ ဂရင်းနစ်စာရင်းဝင် ဝတ်စုံတစ်ခုလည်း

ဖြစ်လာနိုင်ချေ ရှိပေရဲ့။

စိန်ရွှေရတနာစီခြယ်ထားသည်လည်းမဟုတ်

အကောင်းစား ရွှေချည် ငွေချည်တွေနဲ့

ယက်လုပ်ထားသည်လည်းမဟုတ်

သာမန်လက်လုပ်လက်စား

ယက်ကန်းသမ တစ်ယောက်ယောက်ရဲ့

တာဝန်ကျေ ယက်လုပ်ထားတဲ့

အတိုင်းအထွာ အချိုးအစား မကျနလှတဲ့

အကြမ်းစားချည်မျှင်ထည် လက်ရာမွန်တစ်ခု က --

နန်းဘယ်လိုချချ မကျတဲ့ ဘုရင်မ ရဲ့ ဝတ်စုံ ဖြစ်စေခဲ့။

သက္ကရာဇ် ဘယ်လိုဖြိုဖြို မပြိုတဲ့

ပြက္ခဒိန် ရက်စွဲများရဲ့ ပိုင်ရှင် ဝတ်စုံဖြစ်စေခဲ့

တန်ခိုးဣတ္တိပတ်အားဖြင့် ဖန်တီးပေးထားတဲ့

စစ်သည်တော်ရဲ့ ချပ်ဝတ်တန်ဆာလို

တန်ရာ တန်ကြေးဆိုတာ တချိန်ချိန်မှာ

ဈေးဆစ်လေ ကြေးမြင့်လေ

ဖြစ်သွားစေမယ့် ဝတ်စုံ ဖြစ်စေခဲ့။

ကမ္ပည်းတင်ခွင့်မရသေးပေမယ့် သမိုင်းတွင်ကျန်ရစ်စေမယ့်

အကျ‌ဉ်းစံ ဘုရင်မတစ်ဦးရဲ့

ဂန္ထဝင် တော်ဝင် ဝတ်စုံ ဖြစ်စေခဲ့။

မူလတန်ဖိုး အနည်းအပါးဆိုပေမယ့်

ကမ္ဘာ့ဂုဏ်ထူးဆောင် အဆောင်အယောင်ဝတ်ရုံတွေထက်

ဂုဏ်ကျက်သရေ မြင့်မားသွားစေမယ့် ဝတ်စုံ ဖြစ်စေခဲ့

Freedom for Fear အတွက်

တိုက်ပွဲဝင် ဝတ်စုံ ဖြစ်စေခဲ့ပြီး

လူသားချင်း စာနာထောက်ထားမှု သက်သေအဖြစ်

ဂုဏ်ယူအပ်သော ဂုဏ်ပြုအပ်သော ဝတ်စုံဖြစ်စေခဲ့။

ပတ္တမြား လိုဏ်ဂူကို ရွှံ့နွံ ထူထူ လိမ်းကျံစေခဲ့‌သလို

အချိန်တန်‌တော့လည်း ‌အရှိန်အဝါတွေ

လင်းလက်တောက်ပခဲ့ရ ပေါ့၊

ပါးလွှာပေမယ့် ကြမ်းတမ်းခက်ထရော်ပေမယ့်

တန်ဖိုး နည်းပါးပေမယ့် အနာဂတ်ကို လွှမ်းခြုံနွေးထွေးစေမယ့်

အနွေးထည်၊ ခြုံလွှာ၊ စောင်၊ ကတ္တီပါဝတ်ရုံ ဖြစ်စေတော့အံ့။ ။

အမ်ဇွန်အောင်

***၁၉.၆.၂၀၂၅ ၊ အမေ ဒေါ်အောင်ဆန်းစုကြည် နှစ် ၈၀ ပြည့် မွေးနေ့ သို့

အရင်းအမြစ်>> ဒေါ်စုအား ထောင်ဝတ်စုံဖြင့် ရုံးထုတ်အမှုစစ်ခြင်း

ဆရာ အမ်ဇော်အောင်ဟာ ၈၈ ငြိမ်းပွင့် အဖွဲ့ဝင်တဦး ဖြစ်ပါတယ်။ ဒီနေရာမှာ ၈၈ ခေါင်းဆောင် ဆရာမင်းကိုနိုင် ဟာလည်း အမေစုအတွက် ကဗျာတွေ ရေးခဲ့သူဆိုတာ သတိရသွားပါတယ်။ ဆရာမင်းကိုနိုင်ရဲ့ ကဗျာကိုလည်း စု ၈၀ ကဗျာ ၂၅ ပုဒ်မြောက်အဖြစ် ဖော်ပြပေးလိုက်ပါတယ်။

အမေ . . . .

အချိန်တန်တော့လည်း ...

ဝံပလွေတွေက အူပြီး ...

ဒေါင်းမှန်ရင် ...

အိုးဝေလို့ တွန်တာပါပဲ ... အမေ .....

မင်းကိုနိုင်

အခုတော့ ထူးထူးခြားခြား ရုပ်ရှင်မင်းသမီး အကယ်ဒမီ မေဝင်းမောင်ရဲ့ အမေစု မွေးနေ့ ဂုဏ်ပြုကဗျာကို ၂၆ ပုဒ်မြောက် တင်ဆက်ပေးမှာပါ။ စု ၈၀ ကမ်ပိမ်း ဖွင့်ပွဲမှာ အကယ်ဒမီ မေဝင်းမောင် ရေးသား ရွတ်ဆို ဂုဏ်ပြုထားတာပါ။

၈၀ ပြည့်မွေးနေ့

ရှစ်ဆယ်ပြည့်မြောက်၊ သက်ရောက်ကာလာ

ပြည်မြန်မာတွင်၊ နေထိုင်ရှင်သန်

ဇွဲမာန်ပြင်းပြ၊ စွန့်ခြင်းများနှင့်

မိသားစုရေး၊ သူ့အရေးထက်

ပြည်ရေးပြည်ရာ၊ ရည်မျှော်ကာနှင့်

လွတ်လပ်ခွင့်တို့၊ စွန့်ချင့်ကာသာ

ကြာရှည်ကြာညောင်း၊ နှစ်ပေါင်းများစွာ

ဆီးတားချုပ်နှောင်၊ ပိတ်လှောင်ကာထား

ဗျာမများပဲ၊ သည်းခံဆဲပင်

ရင်ထဲဝင်ရောက်၊ မချိုးဖောက်နိုင်

ကြံ့ခိုင်စိတ်ထား၊ ဓမ္မအားဖြင့်

ငွားငွားစွင့်စွင့်၊ ပွင့်လျက်မေတ္တာ

စဉ်ဝေဖြာသည်၊ ပြည်သူသည်သာ

အခရာဟု၊ မမစုက

စွဲကိုင်ပြထား၊ မွေးနေ့များစွာ

ကျော်ဖြတ်ကာသာ၊ ဇွဲသန်စွာဖြင့်

ဖန်ဖန်ရောက်ရှိ၊ နွှဲကြသည့်ပွဲ

လက်ကိုတွဲ၍၊ ဆုပန်မြဲမို့

ရင်ထဲအေးကာ ငြိမ်းပါစေ။

လွတ်ငြိမ်းချမ်းသာ ခွင့်သာစေ။ ။

လက်ခြင်းတွဲကာ နွှဲနိုင်စေ။ ။

မေဝင်းမောင်

နောက် ၂၇ ပုဒ်မြောက် ကဗျာကတော့ ကိုထိန်လင်းရဲ့ကဗျာပါ။ စာရေးဆရာ ကဗျာဆရာ “ထိန်လင်း” ဟာ (ရာစုနှစ်ခုရဲ့ လူထုခေါင်းဆောင် စာအုပ်ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၀ ပြည့် မွေးနေ့ကို ဂုဏ်ပြုပြီး အခုရက်ပိုင်းမှာပဲ ထုတ်ဝေထားပါတယ်။

မိခင်ကျေးဇူး

မြေကိုထွင်းဖောက်၊ စို့အညှောက်နှင့်

မိုးအောက်ဒေသ၊ ရှင်သန်ကြသော

စိမ်းမြရိပ်မြုံ၊ ပင်မျိုးစုံတွက်

ခိုလှုံဓလေ့၊ လန်းဆန်းမွေ့ရန်

မျိုးစေ့ရှိဖို့ လိုပါသည်။

ထိုနည်းအတူ၊ လောကလူ၌

ဘယ်သူဘယ်ဝါ၊ မည်သို့ကွာလည်း... ၊

ဘယ်မှာဘယ်မြေ၊ မည်သို့နေလည်း.. ၊

ဘယ်နယ်ပြည်သား၊ မည်သို့ခြားလည်း.. ၊

စကားဘယ်ပုံ၊ မည်သို့စုံလည်း.. ၊

လူ့ဘုံလူ့ခွင်၊ ဖွားမြောက်ရှင်ဖို့

မိခင်ရှိရန် လိုပါသည်။

မိခင်သည်ကား၊ သူ့သွေးသားကို

ကောင်းစားရှင်သန်၊ ဘဝမှန်ဖို့

ရှင်သန်စေရေး၊ ကြိုတင်တွေးကာ

ပိုက်ထွေးယုယ၊ ပြုစုကြမို့

လောကအလယ်၊ ဂုဏ်သိမ်ကြွယ်လျက်

နယ်ပယ်မျိုးစုံ၊ လူဖုံဖုံတို့

ပြည့်စုံပေါ်ထင်၊ ထွန်းတောက်ရှင်သည်

မိခင်တို့၏ ကျေးဇူးတည်း။ ။

ထိန်လင်း

“NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ဝေသည့် ၂၀၀၀ ပြည့်နှစ် မြန်မာနိုင်ငံ အမျိုးသမီးများနေ့ (ဒေါ်အောင်ဆန်းစုကြည်မွေးနေ့) ဂုဏ်ပြုကဗျာစုတွင် မောင်ဝါခေါင် အမည်ဖြင့် ရေးခဲ့သောကဗျာ ဖြစ်ပါသည်။” ဆိုပြီး ကဗျာအောက်ခြေမှာ မှတ်ချက်ရေးထားပါတယ်။ ဆရာထိန်လင်းရဲ့ စု ဂုဏ်ပြုကဗျာ ၈ ပုဒ် ရရှိထားပါတယ်။ အခု မိခင်ကျေးဇူး ကဗျာကို ဖော်ပြလိုက်ပါပြီ။ ကျန် ၇ ပုဒ်ကတော့ နောက်ပိုင်း ဆောင်းပါးတွေမှာ ဆက်လက် ဖော်ပြသွားပေးပါမယ်။ ၂၈ ပုဒ်မြောက်ကိုတော့ ဆရာကြီး “တင်မိုး” ရဲ့ ကဗျာတပုဒ်ကို ဖော်ပြပေးလိုက်ပါတယ်။ “စုရဲ့ အလင်းရောင်” တဲ့။

၈၈၈၈ အရေးတော်ပုံကြီးကို ဖြိုခွဲပြီး စစ်အာဏာသိမ်းထားခဲ့တဲ့ စစ်အစိုးရဟာ စာပေလွတ်လပ်ခွင့်တွေ ပိတ်ခဲ့ပါတယ်။ အထူးသဖြင့် ဒီကာလမှာ ဒီမိုကရေစီ ကဗျာတွေ စာတွေ မရေးသားဖို့ စစ်ထောက်လှမ်းရေးက ဆရာ့ကို အကြိမ်ကြိမ် ပိတ်ပင်ခဲ့တယ်။ ခြိမ်းခြောက်ခဲ့ပါတယ်။ ဒါပေမဲ့ ကဗျာဆရာကြီး တင်မိုးက ရဲရဲတောက် ရေးသားခဲ့ပါတယ်။ ဒါကြောင့်လည်း စာဆိုကြီးဟာ ထောင်ကျရ၊ ပြည်ပြေးဘဝ ရောက်ခဲ့ရတာပါ။ သူ့ကဗျာတွေ များစွာထဲမှာ အပိတ်ပင်အခံရဆုံး၊ အာဏာရှင် မကြိုက်ဆုံးကတော့ ဒေါ်အောင်ဆန်းစုကြည်အတွက် ကဗျာတွေ ရေးသားခဲ့လို့ပေါ့။

စုရဲ့ အလင်းရောင်

နှလုံးသားကို တံတားခင်း

မျက်ရည်နဲ့ ရင်းရတဲ့

လွတ်လပ်ခြင်း ဆိုတဲ့ဂုဏ်

ဒီမိုကရေစီ အရေးတော်ပုံ မှာ ……… ။

ချစ်သူ ရဲ့ အလောင်းကို မပိုက်နိုင်ပေမယ့်

မြန်မာပြည်သူကို ရင်ခွင်ပိုက်ပြီး

ခေါင်းမငိုက် ဦးမညွတ်

ကိုယ်ကျိုးကို စွန့်လွှတ်တဲ့

ခွပ်ဒေါင်း ဇာနည်

ဒေါ်အောင်ဆန်းစုကြည်ရဲ့

တည်ကြည် ရဲရင့်တဲ့ ဂုဏ်ဟာ

ကမ္ဘာမြေ တုန်လောက်ပါတယ်။

အာဇာနည် စိတ်ဓာတ်ကို

မှတ်ကျောက်တင် စမ်းသပ်လိုက်တဲ့

ဒီ ဖြစ်ရပ် ဒီလောကဓံကို

ကြံ့ကြံ့ခိုင် အနိုင်ယူပြီး

အောင်လံတလူလူ လွှင့်ထူလိုက်ပါတယ်။

သင့် အတွက်

ကျွန်ုပ်တို့ ကြေကွဲပါရဲ့

ဒါပေမယ့် ……

ရဲရင့်တဲ့ သင့်စိတ်ဓာတ်ကို

အလေး အမြတ် မပြုဘဲ မနေနိုင်။

အောင်ဆန်းသွေး အောင်ဆန်းစိတ်ဓာတ် နဲ့

မြင့်မြတ်မှု ဂုဏ်ရည်စုကို

အလေး အမြတ် မပြုဘဲ မနေနိုင်။

သင် ချစ်တဲ့ ခင်ပွန်း အတွက်

ကျခဲ့တဲ့ မျက်ရည်စက်များဟာ

တလက်လက် ထိန်တောက်နေတဲ့

စိန် ကျောက် ပမာ အရောင်ဖြာပြီး

မြန်မာပြည်သူတွေရဲ့ အောင်လမ်းကို

အရောက်လှမ်းနိုင်မယ့် လမ်းညွှန်ချက်အဖြစ်

ထွန်းလက် တောက်ပမယ်လို့

ကျွန်ုပ်တို့ မုချ ယုံကြည်ပါတယ်။

မြန်မာပြည်သူတို့ရဲ့ ခံစားမှုကို

ကိုယ်စားပြု ဦးဆောင်နေတဲ့

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အလင်းရောင်ဟာ

အမှောင်ဟူသမျှ ဖြိုခွင်းပြီး

လွတ်လပ်ခြင်း ပန်းတိုင်ရောက်ပါစေ။    ။

ချစ်စွာသော …… ဒေါ်စု သို့ …………

တင်မိုး

–နှစ်နှစ်ကာကာ ၁၅၀ ကဗျာ တင်မိုး ကွယ်လွန်ခြင်း ၁၀ နှစ်ပြည့် စာအုပ်မှ

မိုင်တိုင် ၂၈ ဆရာကြီး တင်မိုးရဲ့ ကဗျာအပြီးမှာတော့ ၂၉ ပုဒ်မြောက်အဖြစ် ဆရာအောင်ဝေးရဲ့ ကဗျာ နောက်တပုဒ်ကို ဖော်ပြလိုက်ပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်ဘွဲ့ ကဗျာတချို့” ခေါင်းစဉ်နဲ့ မိုးမခ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားတဲ့ ကဗျာ ၄ ပုဒ်တွဲထဲက တပုဒ်ပါ။ ၂၉ ပုဒ်မြောက်ပေါ့။

အမေ့ယာ

ရွာပြင်မိုးချုပ်

ခွေးသားအုပ်။

ခွေးအုပ်ထိုးဟောင်

မိုးလရောင်။

မိုးလရောင်

ရိုး တောင်ခြေရင်း။

အဘိုး မာပါစေ

အဘွား သာပါစေ

ရွာအခြေ မြေတလင်းမှာ

ကောက်ဦးနံ့သင်း။ ။

အောင်ဝေး

ဤကဗျာအားဖြင့် ၂၀၂၃ ဇွန် ၁၉ တွင် ကျရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်ပြည့် မွေးနေ့ကို ကြိုဆိုဂုဏ်ပြုအပ်ပါသည် ဆိုပြီးတော့လည်း ဆရာအောင်ဝေးက မှတ်ချက် ရေးထားရဲ့။

အပုဒ် ၃၀ ပြည့် ကဗျာကိုတော့ ဆရာ လူဗိုလ်ရဲ့ကဗျာကို ဖော်ပါမယ်။ ကိုလူဗိုလ်က ကျောင်းသားတပ်မတော် ၆၀၁ တပ်ရင်းကပါ။ အခု အမေရိကားမှာ ဆိုပေမဲ့ ကရင်နယ်စပ်မှာလည်း နေသွားခဲ့တယ်။ အခုကဗျာကိုတော့ လွန်ခဲ့သော ဆယ်စုနှစ်များဆီက ထိုင်း-ကရင်နယ်စပ်မှာ ရေးခဲ့တာလို့ ဆိုပါတယ်။

စု ဆိုတဲ့ သူမမှလွဲ၍

သူမမှလွဲ၍ ...

လုပ်ဟန် အရ

အတွေးအခေါ် အရ

ဦးဆောင်မှုပေးနိုင်တဲ့သူ

စံပြုမှု ပေးနိုင်တဲ့သူ

ဘယ်သူတွေ ရှိနိုင်ဦးမလဲ ….

တိုင်းပြည်အတွက်ပါ ပြောပြီး

ပြည်သူနဲ့အတူ ရှင်သန်ဝံ့သူ

စွန့်လွှတ်ဖို့လိုတာ ပြောပြီး

သေနတ်ပြောင်းဝကို ရင်ဆိုင်ဝံ့သူ

မိသားစုဘဝကို စွန့်ဝံ့သူ

ပြည့်စုံမှုဘဝကို ငြင်းဆန်ဝံ့သူ

ဘယ်သူတွေ ရှိဦးမလဲ ….

ကြုံလာသမျှအခက်အခဲ

ထပ်တကြိမ် စိမ်ခေါ်ရဲသူ

တီကောင်လို နောက်မတွန့်ပဲ

ခြ ကောင်လို ဖောက်ထွက်တတ်သူ

ဘယ်သူတွေ ရှိနိုင်ဦးမလဲ ….

တော်တာတွေ အပုံအပင်ထဲ

ကောင်းတာတွေ ပြည့်လျှံခဲ့သူ….

ဒါပေမယ့်တွေ ကင်းနိုင်ခဲ့သူ

ဘယ်သူတွေ ရှိနိုင်ဦးမလဲ ….

ကိုယ့်သမိုင်းကိုယ် ရေးသူတွေ အထဲ

တကြောင်း တပိုဒ်နဲ့ အဆုံးသတ်သူတွေ အထဲ

တဝက်တပျက်နဲ့ လက်လျှော့သူတွေ အထဲ

ပစ်စရာမလို သမိုင်းထူထူကို ရေးနေသူ

ဘယ်သူတွေ ရှိနိုင်ဦးမလဲ ….

စုဆိုတဲ့ သူမ မှလွဲ၍

ဘယ်သူတွေ ရှိနိုင်ဦးမလဲ။ ။

လူဗိုလ်

နို့ဖိုး ဒုက္ခသည်စခန်းမှာ ရေးခဲ့တာ

၃၁ ပုဒ်မြောက် စု ၈၀ မွေးနေ့ကြို ဂုဏ်ပြုကဗျာကို ဆရာ ဌေးအောင်ကိုရဲ့ “စုတရားပွဲ” ကဗျာကို ဖော်ပြလိုက်တယ်။ သူ့ရဲ့ (ဆယ့်ကိုးဇွန်မွေး အောင်ဆန်းသွေး စုကဗျာများ) ကဗျာစာအုပ်ပါ ကဗျာတပုဒ် ဖြစ်ပါတယ်။

စုတရားပွဲ

အိမ်ရှင်မက ပြောတယ်

“အိမ်ဦးနတ်ရယ်

တနယ်လုံးသွား

စု တရားပွဲအတွက်

မနက်စာလည်း

မချက်တော့ပါဘူးရှင်

စု လာရင် မမီမှာစိုးလို့” တဲ့။

အိမ်ဦးနတ်ကဆိုတယ်

“အို အိမ်ရှင်မ

မင်းလည်းကြွ ငါလည်းကြွ

ငါ့အလုပ်က

မနက်ဖြန်မှ လုပ်လည်းရတယ်ကွ

စု တရားပွဲက

နောက်ကျရင် အပေါက်ဝရောက်သွားမယ်” တဲ့။

ကလေးမက ခေါ်နေတယ်

“ဖေကြီးနဲ့ မေကြီး

သမီး ပြင်ပြီးပြီလေ

ထော်လာဂျီတွေ ထွက်တော့မယ်နော်

ရွာထိပ်မှာ ပျော်နေလိုက်ကြတာများ

အားလုံးဆင်နွှဲ စုတရားပွဲ တဲ့

သမီးတို့ပွဲ မနွှဲရမှဖြင့် . . . .”။ ။

ဌေးအောင်ကို

နောက်ထပ် ၃၂ ပုဒ်မြောက်ကတော့ ဆရာစွမ်းရဲ့ အမေစု ၆၅ နှစ်မြောက် မွေးနေ့ကဗျာကို ပြန်လည် ဖော်ပြလိုက်ပါတယ်။ ဆရာဟာ ကဗျာများစွာရေးတယ်။ စု ကဗျာတွေလည်း ရေးပြီး စာအုပ်လည်း ထုတ်ခဲ့တယ်။ နောက် ဆောင်းပါးအပိုင်း ၆ အပိုင်း ၇ စသဖြင့် ဆက်ရေးရာမှာ ဆရာ့ ကဗျာတွေကို ဆက်ဖော်ပြဦးမှာပါ။

စုမွေးနေ့ဆုမွန်

ဇွန် ၁၈၊ ၂၀၂၀

ပညာလဲရှိ

သဘာရှိ

ကမ္ဘာသိတဲ့ စု။

သတ္တိလဲပြောင်

ဗျတ္တိ ပြောင်

ပညာပြောင်တဲ့ စု။

ပြည်သူ့သမီး

ဆန်းသမီးသည်

ခိုင်ဖြီးကျန်းမာ

အသက်ရာကျော် ရှည်စေသော်။

ပြည်သူ့မိခင်

ဒေါင်းမိခင်သည်

လန်းရွှင်ကျန်းမာ

အသက်ရာကျော် ရှည်စေသော်။

မောင်စွမ်းရည်

စု ၈၀ မွေးနေ့ကြို ကဗျာများ ရှာဖွေလာတာဟာဖြင့် ၃၂ ပုဒ်ရှိပြီ။ လာမည့် စုမွေးနေ့ ၈၀ ကြိုကဗျာများ အပိုင်း ၆ မှာ ကဗျာတွေ ဆက်လက် ဖော်ပြပေးပါဦးမည်။ နောက် ၃၉ ရက်အကြာ ၂၀၂၅ ခုနှစ် ဇွန် ၁၉ မှာ ၈၀ ပြည့် မွေးနေ့ပွဲ ကျင်းပကြပါတော့မည်။ အဲသည်နေ့မှာ အမေစုဂုဏ်ပြုကဗျာ ဘယ်လောက်များပြားမလဲ စောင့်ကြည့်ကြပါကုန်။

စုမွေးနေ့မှာ၊ စုကဗျာများ

ဘယ်လောက်များနေ၊ ဆက်ရှာဖွေ၍

ထပ်ဝေမျှမယ်၊ စု ရှစ်ဆယ်မှာ

ကဗျာရှစ်ဆယ် ပြည့်မည်လား။

ကဗျာရှစ်ဆယ် ကျော်မည်လား။

စုရှစ်ဆယ်ကား၊ ကဗျာများနှင့်

လှအားနိုင်ရက်ပေတော့မည်။ ။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024