DVB Logo
Home
မြန်မာသတင်း
ဒဏ်ရာရ PDF များကို ကိုရီးယား အရပ်ဘက်အဖွဲ့အစည်းများ သွားရောက်ကူညီ
DVB
·
June 19, 2025
ဒဏ်ရာရ PDF များကို ကိုရီးယား အရပ်ဘက်အဖွဲ့အစည်းများ သွားရောက်ကူညီ
Donate to DVB

မြန်မာနိုင်ငံဒီမိုကရေစီရေး လှုပ်ရှားမှုကို ထောက်ခံကြောင်းနဲ့ ဒဏ်ရာရ PDF ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအတွက် ငွေကြေးအကူအညီတွေပေးအပ်ဖို့ ကိုရီးယား အရပ်ဘက် အဖွဲ့အစည်းတွေ သွားရောက်ခဲ့ကြတဲ့အကြောင်း Korea Herald သတင်းမှာ ဇွန် ၁၈ ရက်က ဖော်ပြပါတယ်။

Sungkonghoe University တက္ကသိုလ်မှ အာရှ NGO များဆိုင်ရာ အရင်းအမြစ်စင်တာ ဒါရိုက်တာ ပတ်အွန်းဟွန်နဲ့ နယ်စည်းမခြား ဒီမိုကရေစီကျောင်းရဲ့ လက်ထောက်ခေါင်းဆောင် ဂျွန်ရေးရင်တို့က ဇွန် ၁၃ ရက်မှာ ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့ကို  ရောက်ရှိလာခဲ့ကြကာ PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့  တွေ့ ဆုံခဲ့ကြတာလို့ ဆိုပါတယ်။

သူတို့ရဲ့ ခရီးစဉ်အတွင်းမှာတော့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြတဲ့ PDF တပ်ဖွဲ့ဝင်တွေကို ဆေး ဝါးကုသနိုင်ရေးအတွက် ငွေကြေးပံ့ပိုးပေးခဲ့သလို တောင်ကိုရီးယားရဲ့ ဒီမိုကရေစီဖွံ့ဖြိုး တိုးတက်မှုမှာ အဓိကကျတဲ့ လိုအပ်တဲ့ ပြဿနာတွေအကြောင်း ပညာပေးဗီဒီယိုကို မျှဝေခဲ့တယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။ 

သူတို့ ၂ ဦးဟာ ဇွန် ၁၄ ရက်မှာလည်း Sunshine Care Center ကို သွားရောက်ခဲ့ကြသလို ဒဏ်ရာရရှိသူ  ၁၂၀ လောက်ဟာ သင့်တော်တဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေ၊ စက် ပစ္စည်းကိရိယာအကူအညီတွေ မပါဘဲ ယာယီဆေးဘက်ဆိုင်ရာ ဆေးခန်းမှာ ဆေးကုသမှု ခံယူနေရကြောင်း ပတ်က ပြောပါတယ်။

“တချိန်က စစ်အုပ်ချုပ်ရေးနဲ့ အာဏာရှင် အုပ်စိုးမှုကို ကျော်ဖြတ်ခဲ့တဲ့ တောင်ကိုးရီးယား လူ့အဖွဲ့အစည်းအနေနဲ့ မြန်မာပြည်သူတွေရဲ့ ဆင်းရဲဒုက္ခနဲ့ စစ်အာဏာရှင်တွေရဲ့ အကြမ်း ဖက်မှုတွေအတွက် ပိုစိုးရိမ်ကြောင်း ပြသရပါမယ်။ စည်းလုံးညီညွှတ်တဲ့ အမူအရာ သေးသေးကလေးကတောင်မှ မြန်မာနိုင်ငံသူ နိုင်ငံသားတွေအတွက် ခွန်အားဖြစ်စေပါတယ်”

သူတို့ရဲ့ ဒီခရီးစဉ်အတွင်းမှာ ငွေကြေးထောက်ပံ့မှု ပမာဏ ဘယ်လောက်ရှိခဲ့တယ်ဆိုတာ ကိုတော့ သတင်းမှာ အသေးစိတ် ဖော်ပြထားတာ မတွေ့ရပါဘူး။

ထိုင်းနိုင်ငံ အနောက်ဘက်ခြမ်း ကရင်ပြည်နယ် နယ်စပ်မှာတည်ရှိတဲ့ မဲဆောက်မြို့ကတော့ မြန်မာပြည်မှာ  ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် စစ်တပ်ဖိနှိပ်မှုကနေ ထွက်ပြေးလာကြတဲ့ အရပ်သားတွေနဲ့ တော်လှန်ရေးသမားတွေအတွက် အရေးကြီးတဲ့ ခိုလှုံရာနေရာတခု ဖြစ်လာနေခဲ့တယ်လို့ ဆိုပါတယ်။

Source:  Korea Herald 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013