အကျဉ်းကျခံနေရတဲ့ လူထုခေါင်းဆောင်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့် မွေးနေ့ ဆုတောင်းပွဲနဲ့ ပန်းသပိတ်လှုပ်ရှားမှုကို ကနေဒါနိုင်ငံ၊ ဗန်ကူးဗားမြို့မှာ ဒေသအချိန် ဇွန် ၁၈ ရက်ညနေက ကျင်းပပါတယ်။
ဒီလှုပ်ရှားမှုကို ဗန်ကူးဗားရောက် မြန်မာပြည်သားတိုင်းရင်းသားပြည်သူတွေ လာရောက် ပူးပေါင်းပါဝင်ခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည် သက်ရှည်ကျန်းမာစေဖို့နဲ့ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး အမြန်ဆုံးပြန်လွတ်မြောက်ဖို့ ဆုတောင်း ပေးခဲ့ကြပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ အထိမ်းအမှတ် တေးသီးချင်းတွေ သီဆိုဂုဏ်ပြုခဲ့ကြတာလည်းရှိသလို မိနစ် ၈၀ ကြာ လမ်းလျှောက်ကြသူတွေလည်းရှိပါတယ်။
ဆုတောင်းပွဲမှာပါဝင်သူတယောက်က " Happy Birthday ပါအမေစု၊ အမေစုကျန်းမာပါစေ၊ အချုပ်အနှောင်မှ အမြန်ဆုံးလွတ်မြောက်ပါစေ။ သားသမီးတွေအကုန်လုံးမျှော်နေတယ်၊ သားသမီးတွေအကုန်လုံး လွမ်းနေတယ်၊ အမေစု ဘေးမသီရန်မခဘဲ ပြန်ဆုံမယ့်နေ့ရက်ကို သားသမီးတွေ လိုချင်ပါတယ်၊ အဲဒါကြောင့် အမေစု ဘေးမသီရန်မခဘဲ ပြန်လာပါ"လို့ ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့်မွေးနေ့ အထိမ်းအမှတ်လှုပ်ရှားမှုတွေကို ကနေဒါ၊ အမေရိကန်၊ ထိုင်း၊ ဂျပန်နဲ့ တောင်ကိုရီးယားစတဲ့ နိုင်ငံတွေအပါအဝင် ပြည်တွင်းပြည်ပမှာ ပုံစံမျိုးစုံနဲ့ ပြုလုပ်နေကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ကလည်းက နေပြည်တော်မှာ ဖမ်းဆီးအကျဉ်းချထားတာဖြစ်ပြီး အခုလက်ရှိအချိန်အထိ ရှေ့နေတွေအပါအဝင် ပြင်ပနဲ့လည်း အဆက်အသွယ် ဖြတ်ထားပါတယ်။