
ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်းကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ စစ်ကောင်စီက စစ်အင်အားဖြည့်တင်းနေတာကြောင့် တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။
ကရင်ပြည်နယ် ကော့ကရိတ်မြို့အနီးမှာ စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူပေါင်းစစ်ကြောင်းတို့ တိုက်ပွဲတွေဖြစ်ပွားနေပြီ စစ်ကောင်စီက မြေပြင်နဲ့ ဝေဟင်ကပါ တိုက်ခိုက်နေပါတယ်။
ဒါအပြင် ကော့ကရိတ်မြို့အနီးနဲ့ ကျုံဒိုးမြို့အနီးတဝိုက် ကို စစ်ကောင်စီက မြေပြင်ကနေ လက်နက်ကြီးတွေနဲ့ တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ ကျေးရွာတွေကိုပါ ပစ်ခတ်တိုက်ခိုက်နေပါတယ်။
ရှေ့တန်းသတင်းရင်းမြစ်က “ကျုံဒိုး- ကော့ကရိတ်လမ်းကို သူတို့(စစ်ကောင်စီ)ပြန်ထိန်းချုပ်ချင်တဲ့ သဘောရှိတယ်။ စစ်အင်အားတွေထပ်ပို့တယ်။ စစ်ကြောင်းလည်း ထိုးတယ်။ မနေ့ကထိကို သူတို့ လူအင်အားတွေ လက်နက်အင်အားတွေ ထပ်ဖြည့်တာရှိတယ်။ လက်ရှိလည်း အောက်မှာရှိတဲ့ တော်လှန်ရေးတပ်ပေါင်းစုနဲ့ ထိတွေမှုတွေဖြစ်နေတာရှိတယ်။ ကျဆုံးတာတွေကတော့ အတိအကျမသိဘူး။ ထိခိုက်ကျဆုံးတော့ရှိတယ်။ လက်ရှိသူတို့ဘက်ကလည်း တောက်လျှောက် ဒီလမ်းကြောကို သိမ်းပိုက်နိုင်ရေးအတွက် လက်နက်ကြီး လေယာဉ်တွေ တောက်လျှောက်သုံးပြီးတော့ တိုက်ခိုက်နေတာတွေရှိတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီ လက်အောက်ခံ ကရင်ပြည်နယ်အစိုးရအဖွဲ့က ဂျိုင်းမြစ်အတွင်း အများပြည်သူ သွားလာနေတဲ့ ကူးတို့ဆိပ်တွေကို ကူးသန်းသွားလာခွင့် ပိတ်ပင်ထားတာကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်းမှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အပြင် စစ်ကောင်စီတပ်ဘက်က စစ်အင်အားတွေဖြည့်တင်းနေတယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူတွေက ပြောပါတယ်။
စစ်ရှောင်အရေးကူညီပေးနေသူတယောက်က “မနေ့ကလည်း အသံတွေကြားနေတယ်။ ဖြစ်တာကတော့ နေ့တိုင်းပဲဖြစ်နေတာ။ လေယာဉ်ကလည်း နေ့တိုင်းဝဲတယ်။ လေယာဉ်ဗုံးကြဲတာတောင်မှ ဘေးပတ်ဝန်းကျင်အကုန်။ ကမ်းနီးမှာ ကျောင်းဘေးမှာ ၂ လုံးကျတာ ကံကောင်းလို့ ကလေးတွေမထိတာ။ အဲလိုမျိုးဗုံးလိုက်ကြဲနေတာ။ မနေ့ကလည်း အသံက ဆက်တိုက်မြည်းနေတယ်။ နေ့စဉ်ရက်ဆက်ပဲ။ သူတို့(စစ်ကောင်စီ)ကျောင်းဆင်းတွေကျတော့ ကော့ဘိန်း၊ တရနာဘက်ထားမယ်။ အဲဒီကနေ ကောက်နုတ်ပြီးတော့ ရှေ့တန်းကို ပို့တယ်။ ဂျိုင်းတလျှောက်ကို ပို့တယ်။ အဲပုံစံမျိုးနဲ့ ထပ်ဖြည့်နေတာ” လို့ြ ပြောပါတယ်။
ဇွန် ၉ ရက်နေ့ မွန်လွဲ ၂ နာရီလောက်က မွန်-ကရင် နယ်စပ် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ပန်ရပ်ကျေးရွာက ကလေးတွေကို စာသင်ကြားပေးနေတဲ့ နေအိမ်စာသင်ကျောင်းကို တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ စစ်ကောင်စီက လေကြောင်းကနေ ဗုံးသီး ၈ လုံး ကြဲချတိုက်ခိုက်ခဲ့ပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောင်းသား ကလေးငယ် ၃ ယောက်၊ ဆရာမ ၁ ယောက်နဲ့ လူကြီး ၁ ယောက်ပါ သေးဆုံးခဲ့တဲ့အပြင် ၂၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါအပြင် နေအိမ် ၃ လုံးလည်း ထိခိုက် ပျက်စီးခဲ့ပါတယ်။
အောင်ခန့်