
မကွေးတိုင်း၊ ထီးလင်းမြို့အချုပ်ထောင်ကနေ တော်လှန်ရေးကာလအတွင်း မတရားဖမ်းဆီးခံထားရတဲ့ အချုပ်သားတွေ အပါအဝင် အချုပ်သား ၁၃ ယောက်ဟာ ဇွန် ၁၇ ရက် ညက ထွက်ပြေး လွတ်မြောက်လာတယ်လို့ ထီးလင်းမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။
ထီးလင်းမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တယောက်က “တော်လှန်ရေးကာလ အတွင်း မတရားဖမ်းဆီးခံရပြီးတော့ မြို့မအချုပ်ထောင်မှာ ချုပ်နှောင်ခံထားရသူတွေ အပါအဝင် အချုပ်သား ၁၃ ယောက် ထွက်ပြေးလွတ်မြောက်လာကြလို့ သက်ဆိုင်တဲ့ ပကဖနဲ့ ပအဖတွေဘက်က စိစစ်ဆောင်ရွက်နေကြပါတယ်” လို့ ပြောပါတယ်။
အမျိုးသား ၁၁ ယောက်နဲ့ အမျိုးသမီး ၁ ယောက် ထွက်ပြေးလွတ်မြောက်လာကြတာလို့ ထီးလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဘုန်းက DVB ကို ပြောပါတယ်။
“ထွက်ပြေးလွတ်မြောက်လာကြတာကတော့ ၁၃ ယောက်ပါ။ ဒါပေမဲ့ သူတို့ ထွက်ပြေးလာကြတဲ့ လမ်းမှာ ၁ ယောက် မိုင်းထိပြီး ဆုံးသွားလို့ ရောက်လာကြတဲ့ ၁၂ ယောက်ကိုတော့ စိစစ်တာတွေ ဆက်လက်ဆောင်ရွက်နေပါတယ်။ ဘယ်လို လွတ်မြောက်လာကြတာလဲ ဆိုတာကတော့ လုံခြုံရေးအခြေအနေတခုကြောင့်မို့ ပြောလို့မရသေးဘူးဗျ။ အခုလွတ်မြောက်လာတဲ့အထဲမှာ တော်လှန်ရေးကာလ အစပိုင်းကတည်းက အဖမ်းခံရသူတွေ ပါလာတယ် ဆိုတာပါပဲ။ ကျန်တဲ့အသေးစိတ်တွေကတော့ စိစစ်ဆဲမို့ ထုတ်ပြန်လို့မရသေးပါဘူး။ အခု သူတို့ကိုတော့ သူတို့တွေ ရောက်ရှိခိုလှုံနေတဲ့ တပ်ဖွဲ့ကပဲ စောင့်ရှောက်ပေးနေပါတယ်။ အခုဖြစ်စဥ်ကြောင့်မို့လို့ မြို့ပေါ်က စစ်ေ-း၊ ရဲေ-းတွေနဲ့ ပျူေ-းတွေ ပျာယာခတ်နေကြသလို မြို့ပေါ်နဲ့ပတ်ချာလည်ကို လေယာဥ်တွေလည်း ဝဲနေတယ်။”
စစ်ကောင်စီလက်အောက်ခံတွေဟာ ထီးလင်းမြို့ပေါ်ကိုသာ ထိန်းချုပ်ထားနိုင်ပြီး အဆိုပါ မြို့နယ်ထဲက ကျေးရွာတွေ အများစုကိုတော့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ထိန်းချုပ်စိုးမိုးထားနိုင်နေပြီလို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် ဇွန် ၂၄ ရက်ကလည်း ထီးလင်းမြို့ပေါ်ထွေအုပ်ရုံးမှာ မတရားဖမ်းဆီးခံထားရသူ ၅ ယောက် ထွက်ပြေးလွတ်မြောက်လာခဲ့သေးတယ်လို့လည်း ထီးလင်း ပအဖ ဆီကနေ သိရပါတယ်။