
ကရင်ပြည်နယ်၊ မြ၀တီမြို့ပေါ်မှာ ဇွန် ၁၉ ရက် မနက်ပိုင်းက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့်မွေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှုအဖြစ် ဗီနိုင်းကပ်ထားကြောင်း မြို့ခံတွေဆီကနေ သိရပါတယ်။
မြ၀တီမြို့လယ်ကောင် ဘုရင့်နောင်ဈေးရှေ့မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့်နှစ် ဗီနိုင်းကို ချိတ်ဆွဲထားတာဖြစ်ပြီး ရဲစခန်း ဌာနဆိုင်ရာနေရာနဲ့ အနီးကပ်မှာ လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။
မြဝတီမြို့ခံတယောက်က “ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့် ဗီနိုင်းကို ချထားတာက မြဝတီမြို့လယ်ကောင် ရဲစခန်းရယ် လဝက ရှေ့တန်းရုံးတို့ရှိတယ်၊ နောက် BGF တပ်ဖွဲ့တွေနဲ့ စစ်သားတွေ ကင်းလှည့်နေတဲ့အချိန်” လို့ ပြောပါတယ်။
မြ၀တီမြို့မှာ စစ်တပ်လက်အောက်ခံ BGF ကရင်နယ်ခြားစောင့်တပ်က လုံခြုံရေးယူထားပြီး စစ်တပ်၊ ရဲနဲ့ ထွေ/အုပ်က BGF ရဲ့ ပံ့ပိုးမှုနဲ့ မြ၀တီမြို့ကို လည်ပတ် အုပ်ချုပ်နေတာလို့လည်း ဆိုပါတယ်။
ဇွန် ၁၈ ရက်က ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့မှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးလွှတ်ပေးရေး ဆိုင်းဘုတ်ကို အသက် ၈၀ ပြည့်နှစ် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အဖြစ် စိုက်ထူခဲ့ပြီး စစ်တပ်နဲ့ ရဲတွေက လာရောက်ဖြုတ်သိမ်းတာ မရှိသေးဘူးလို့ ဒေသခံတွေဆီကနေ သိရပါတယ်။