
ကနေဒါနိုင်ငံ၊ အယ်လ်ဘာတာပြည်နယ်မှာ ကျင်းပတဲ့ G7 ထိပ်သီးအစည်းအဝေးကို တက်ဖို့ အိန္ဒိယဝန်ကြီးချုပ် နရင်ဒြာမိုဒီကို ကနေဒါအစိုးရက ဖိတ်ကြားမှုကို ကနေဒါ အခြေစိုက် ဆစ်ခ်အသိုင်းအဝန်းက ကယ်လ်ဂါရီမြို့မှာ ကန့်ကွက်ဆန္ဒပြပါတယ်။
ဆန္ဒပြသူတွေဟာ အိန္ဒိယအလံတွေကို ဇွန် ၁၇ ရက်က အစိတ်စိတ် အမွှာမွှာ ဖျက်ဆီး ဆန္ဒပြခဲ့တာပါ။
ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနေးက အိန္ဒိယဟာ G7 အဖွဲ့ဝင်မဟုတ်ပေမဲ့ ဇွန် ၁၅ ရက်မှာစတဲ့ ထိပ်သီးအစည်းအဝေးကို ဧည့်သည်အဖြစ် တက်ဖို့ မိုဒီကို ဖိတ်ကြားခဲ့ပါတယ်။ ဒါဟာ ၁၀ စုနှစ်တခုအတွင်း မိုဒီက ကနေဒါနိုင်ငံဆီ ပထမဆုံးလာလည်တာဖြစ်ပြီး နိုင်ငံရေးသမား ကာနေ အတွက် သံတမန်စမ်းသပ်ချက်လည်း ဖြစ်ပါတယ်။
G7 ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးကျင်းပတဲ့နေရာကနေ ကားမောင်းရင် တနာရီ လောက်ဝေးတဲ့ ကယ်လ်ဂါရီ စည်ပင်ပလာဇာမှာ ဆန္ဒပြမှုအတွင်း ဆန္ဒပြသူ ဒါဇင်နည်းနည်းက ဗုံတီးရင်း မိုဒီရဲ့ နိုင်ငံရေးကို သတ်ပစ်လို့ ကြွေးကြော်ခဲ့ကြပါတယ်။
"ကျနော်တို့ဟာ နိုင်ငံမဲ့တွေပါ။ နေရာတိုင်းမှာ ဖိနှိပ်ခံနေရ ပါတယ်"လို့ အငြိမ်းစား ဆက်သွယ်ရေးဝန်ထမ်း အသက် ၆၂ နှစ်အရွယ် ဂျက်စ်ဘီယာ ဂျိုးက ပြောပါတယ်။
ပန်ဂျပ်ပြည်နယ်မှာ နေထိုင်တဲ့အခါ အိန္ဒိယအစိုးရရဲ့ တိုက်ရိုက်ထိန်းချုပ်မှုအောက်မှာ ရှိနေတာ ကြောင့် ဖိနှိပ်ခံရပါတယ်၊ ကနေဒါလိုမျိုး တခြားနိုင်ငံတွေမှာတောင် ဖိနှိပ်ခံရပါတယ်လို့ လည်း ပြောပါတယ်။
ကနေဒါဝန်ကြီးချုပ်ဟောင်း ဂျပ်စတင်ထရူးဒိုးလက်ထက် ၂၀၂၃ ခုနှစ် ဇွန် ၁၈ ရက်မှာ ကနေဒါနိုင်ငံက ဆစ်ခ်ခွဲထွက်ရေးခေါင်းဆောင် ဟာဒိ(ပ်) ဆင်းဂ်နီဂျာကို သတ်ဖြတ်ခံရမှုမှာ အိန္ဒိယအစိုးရက ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ စွဲချက်ကြောင့် အိန္ဒိယနဲ့ ကနေဒါနိုင်ငံတို့ အကြား ဆက်ဆံရေး တင်းမာလာခဲ့ပါတယ်။
မိုဒီအစိုးရက သတ်ဖြတ်မှုမှာ ပါဝင်ပတ်သက်မှုမရှိဘူးလို့ ငြင်းဆိုထားပြီး ဆစ်ခ်ခွဲထွက်ရေးသမားတွေအတွက် ဘေးကင်းလုံခြုံတဲ့ နေရာတခုအဖြစ် ကနေဒါနိုင်ငံကို စွပ်စွဲထားပါတယ်။
Source:Reuters










