
ဇွန် ၁၉ ရက်မှာ ကျရောက်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့် မွေးနေ့မှာ သူအပါအဝင် မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ချက်ချင်းလွှတ်ပေးဖို့ နိုင်ငံတကာ သံရုံးတွေက တိုက်တွန်းတောင်းဆိုနေကြပါတယ်။
ရန်ကုန်အခြေစိုက် ယူကေသံရုံးက ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ မြန်မာနိုင်ငံအတွင်း မတရားဖမ်းဆီးခံထားရသူတွေအားလုံးကို ချက်ချင်းပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ်။
အမေရိကန်သံရုံးကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ မတရားဖမ်းဆီးထိန်းသိမ်းထားသူတွေကို လွှတ်ပေးဖို့၊ အရပ်သားပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့နဲ့ အကျပ်အတည်းကို အဆုံးသတ်ဖို့ သက်ဆိုင်သူအားလုံးနဲ့ အပြန်အလှန်ထိတွေ့ဆက်ဆံဖို့ စတဲ့ အချက်တွေကို တောင်းဆိုလိုက်ပါတယ်။
နိုင်ငံတကာ သံရုံးတချို့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ်အဖြစ် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ Profile picture ကို ပြောင်းလဲထားတာကိုလည်း တွေ့ရပါတယ်။
ဒီနေ့ဟာ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အသက် ၈၀ ပြည့်မွေးနေ့ဖြစ်ပြီး အကျဉ်းထောင်ထဲမှာ ဆင်နွှဲရတဲ့ ၅ ကြိမ်မြောက် မွေးနေ့လည်း ဖြစ်ပါတယ်။
ကေခိုင်