
ပြင်းထန်တဲ့ အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် အီရန်နိုင်ငံတဝန်း လူပေါင်း ၅၈၅ ယောက် သေဆုံးပြီး ၁၃၂၆ ယောက် ဒဏ်ရာရခဲ့ကြောင်း အီရန်ကျန်းမာရေးဝန်ကြီးဌာနမှ သတင်းရင်းမြစ်က ဗုဒ္ဓဟူးနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
အဲဒီနေ့မှာပဲ အစ္စရေးအရေးပေါ်ဌာနကလည်း အီရန်တိုက်ခိုက်မှုကြောင့် အစ္စရေးမှာ ၂၄ ယောက် သေဆုံးပြီး ၁၃၀၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူကတော့ အစ္စရေးဟာ ဆေးရုံတွေနဲ့ လူနေရပ်ကွက်တွေကို ပစ်မှတ်ထားနေတယ်လို့ ဇွန် ၁၇ ရက် မှာ ပြောကြားခဲ့ပါတယ်။
လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း ထိခိုက်ဒဏ်ရာရသူ အများစုမှာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ဖြစ်ကြတယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အက်စ်မေအီးလ် ဘဲ့ဂ်ဟေအီက တီဟီရန်မြို့ရှိ ဆေးရုံတရုံကို သွားရောက် ကြည့်ရှုချိန်မှာ ပြောဆိုခဲ့တာပါ။
ဇွန် ၁၃ ရက်က အီရန်အပေါ် အစ္စရေးရဲ့ အံ့အားသင့်ဖွယ် လေကြောင်းတိုက်ခိုက်မှုအပြီးမှာ နှစ်နိုင်ငံအကြား လေကြောင်းတိုက်ပွဲတွေ ပိုမိုပြင်းထန်လာခဲ့ပြီး ဒီအင်္ဂါနေ့မှာတော့ ၂ နိုင်ငံကြား တိုက်ပွဲတွေဟာ ၅ ရက်နေ့ ဖြစ်လာခဲ့ပါပြီ။
အီရန်ဟာ အစ္စရေးဘက်ကို ဒုံးကျည်တွေ ထပ်မံပစ်လွှတ်လိုက်တာကြောင့် ညသန်းခေါင်ကျော် ပြီးချိန်လေးမှာပဲ တဲလ်အဗစ်မှာ လေကြောင်းတိုက်ခိုက်မှု အချက်ပေး ဥသြသံတွေ မြည်ဟီးနေ ပါတယ်။
အီရန်နိုင်ငံသား ၂၂၄ ယောက်လောက်သေဆုံးခဲ့ပြီး အများစုမှာ အရပ်သားတွေဖြစ်သလို အစ္စရေးကလည်း လူ ၂၄ ယောက်သေဆုံးကြောင်း ပြောကြားပြီး အားလုံးမှာ အရပ်သားတွေလို့ ဆိုပါတယ်။
Source: Reuters