
တရုတ်နိုင်ငံတောင်ပိုင်းမှာ အင်္ဂါနေ့က မိုးသည်းထန်စွာ ရွာသွန်းမှု ဆက်လက်ဖြစ်ပွားခဲ့တာကြောင့် ကွမ်တုန်းပြည်နယ်နဲ့ ကွမ်ရှီးကျောင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့ရှိ နယ်မြေတွေမှာ ရေကြီးရေလျှံကာ လူအစုလိုက်အပြုံလိုက် ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရပါတယ်။
ကွမ်တုန်းပြည်နယ်၊ ကျောင်းချင်းမြို့က၊ ဟွိုက်ကျိစီရင်စုမှာလည်း အထူးထိခိုက်ခဲ့ရပြီး မြို့ပြလမ်းတွေ ရေမြုပ်ကုန်ကာ လူပေါင်းထောင်ချီ ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရပါတယ်။
ဗုဒ္ဓဟူးနေ့ ဒေသစံတော်ချိန် ညပိုင်း ၇ နာရီ ၅ မိနစ်မှာ ဆွေးမြစ်ဟာ စိုးရိမ်ရေမှတ်ထက် ၁၀ ဆ လောက် ကျော်လွန်ကာ ၅၅ ဒသမ ၂၂ မီတာ အမှတ်ထိ အမြင့်ဆုံးကို ရောက်ရှိခဲ့ပြီး ခရိုင်ဇလဗေဒဌာနမှာ မှတ်တမ်း စတင်ယူချိန်ကတည်းက ရေလွှမ်းမိုးမှု အမြင့်ဆုံးအဆင့်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ဟွိုက်ကျိ အာဏာပိုင်တွေဟာ အင်္ဂါနေ့ ညနေပိုင်းမှာ ထိပ်တန်းအဆင့် ရေလွှမ်းမိုးမှု ထိန်းချုပ်ရေး အရေးပေါ်တုံ့ပြန်မှုကို စတင်လုပ်ဆောင်ခဲ့ပါတယ်။
ကျောင်းတွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုတွေကို ရပ်ဆိုင်းထားပြီး အရေးပေါ် ကယ်ဆယ်ရေး စခန်းတွေအားလုံးကို ဖွင့်လှစ်ထားပါတယ်။
ခရိုင်တဝှမ်းမှာ မြို့ပေါင်း ၁၉ မြို့ ထိခိုက်ခဲ့ပြီး လူပေါင်း ၇၈,၀၀၀ ကျော် ရေဘေးသင့်ကာ လူပေါင်း ၂၉,၀၀၀ ကျော် ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရပါတယ်။
အခုချိန်အထိ အသေအပျောက် သတင်းမရသေးပါဘူး။ ဟွိုက်ကျိရဲ့ မြို့ပြလမ်းတွေထဲ ထက်ဝက်ကျော်ဟာ ရေလွှမ်းမိုးဆဲ ဖြစ်ပြီး တချို့နေရာတွေမှာ ရေက ၃ မီတာလောက်အထိ မြင့်တက်နေပါတယ်။ လျှပ်စစ်ဓာတ်အားနဲ့ အင်တာနက် ဝန်ဆောင်မှုတွေလည်း ပြတ်တောက်နေဆဲဖြစ်ပါတယ်။
ကွမ်တုန်းရဲ့ တောင်ဖက်စွန်းမှာ မောက်မင်မြို့ဟာ အင်္ဂါနေ့ညနေပိုင်းက ပြင်းထန်တဲ့ မိုးရွာသွန်းမှုကြောင့် ရေလွှမ်းမိုးခံခဲ့ရပါတယ်။
မိုးလေဝသဌာနရဲ့ အဆိုအရ ဒေသစံတော်ချိန် ည ၇ နာရီမှ ၉ နာရီအထိ ၂ နာရီအတွင်း မြို့လယ်မှာ မိုးရေချိန် ၁၀၀ မှ ၁၄၀ မီလီမီတာအထိ ရွာသွန်းခဲ့ကြောင်း သိရပါတယ်။ ရေလျှံနေတဲ့ လမ်းတချို့မှာ ရေအနက်က ၀.၅ မီတာကျော်အထိ ရှိတာကြောင့် ယာဉ်ကြောအသွားအလာ ပြတ်တောက်ပြီး တချို့ဒေသခံတွေ ပိတ်မိနေပါတယ်။
အင်္ဂါနေ့မှာလည်း ကွမ်ရှီးကျောင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ အလယ်ပိုင်း၊ တောင်ပိုင်းနဲ့ ကမ်းရိုးတန်း ဒေသတွေမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပါတယ်။
ဖှန်းချောင်းကန်း မြို့တော်ရဲ့ မြေနိမ့်ပိုင်း နေရာတွေဟာ ရေ ၁ ဒသမ ၂ မီတာအထိ မြုပ်သွားခဲ့ပါတယ်။ ပိတ်မိနေသူတွေကို ကယ်ဆယ်ဖို့ မီးသတ်သမားတွေက အရေးပေါ် ကယ်ဆယ်ရေးတွေ လုပ်ဆောင်ခဲ့ပါတယ်။
Source: Reuters