
အင်ဒိုနီးရှားနိုင်ငံ၊ အရှေ့ နူဆာ တန်းဂါရာပြည်နယ်ရှိ လယ်ဝိုတိုဘီ လာကီလာကီ မီးတောင်ဟာ ဇွန် ၁၇ ရက်နဲ့ ၁၈ ရက်တို့မှာ ၂ ရက်ဆက်တိုက် ပေါက်ကွဲခဲ့ပြီး ပြာမှုန်တွေကို မှုတ်ထုတ်ခဲ့တာကြောင့် ဇွန် ၁၈ ရက် ဗုဒ္ဓဟူးနေ့မှာတော့ မီးတောင်အနီးတဝိုက်က လူနေဧရိယာတွေမှာ ခေါင်မိုးတွေနဲ့ လမ်းတွေကို ပြာတွေ ဖုန်မှုန့်တွေ ဖုံးလွှမ်းသွားခဲ့ပါတယ်။
ဇွန် ၁၇ ရက်မှာ မီးတောင်ပေါက်ကွဲချိန်မှာ ပြာတွေကို ၁၁ ကီလိုမီတာအမြင့်ထိ မှုတ်ထုတ်ခဲ့တာ ကြောင့် နိုင်ငံရဲ့ မီးတောင်အေဂျင်စီက သတိပေးချက်အဆင့်ကို အန္တရာယ်အရှိဆုံးအဖြစ် အမြင့်ဆုံးအထိ မြှင့်တင်ခဲ့ရပါတယ်။
ဇွန် ၁၈ ရက် မနက်မှာ ထပ်မံပေါက်ကွဲခဲ့ပြီး ၁ ကီလိုမီတာအထိ မြင့်တဲ့ ပြာတိမ်တိုက်ကို ထုတ်လွှတ်ခဲ့ပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းခဲ့ရင် ချော်ရည်တွေ စီးဆင်းလာနိုင်ဖွယ်ရှိကြောင်း မီးတောင်အေဂျင်စီက သတိပေးချက် ထုတ်ပြန်ထားပါတယ်။
မီးတောင်အနီးရှိ ရွာ ၂ ရွာမှာ နေထိုင်သူ ဒါဇင်ပေါင်းများစွာကို ဒေသခံအာဏာပိုင်တွေက ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ရကြောင်း ဒေသတွင်း သဘာဝဘေးအန္တရာယ် လျော့ပါးရေး အေဂျင်စီမှတာဝန်ရှိသူတယောက်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။
လူဦးရေကျဲပါးပေမဲ့ မီးတောင်ပတ်လည်က အန္တရာယ်ရှိတဲ့ အချင်းဝက် ၇ ကီလိုမီတာ (၄ ဒသမ၃ မိုင်) မှာ စွန့်စွန့်စားစားနဲ့ မကြာခဏ လာရောက် အလုပ်လုပ်ကြတဲ့ ဒေသခံတွေလည်းရှိနေပြီး ဇွန် ၁၇ ရက်က မီးတောင်ပေါက်ကွဲမှု ဖြစ်ပွားချိန်မှာ ရွာကို မီးခိုးနီတွေ လွှမ်းသွားကြောင်း ပြောပြကြပါတယ်။
လယ်ဝိုတိုဘီ လာကီလာကီ မီးတောင် ပေါက်ကွဲမှုကြောင့် အင်ဒိုနီးရှားအပန်းဖြေကျွန်း ဘာလီကျွန်းကိုသွားမယ့် လေယာဉ်ခရီးစဉ်အများအပြား ဖျက်သိမ်းခဲ့ရတာ သို့မဟုတ် နှောင့်နှေးခဲ့ရပြီး အရှေ့ နူဆာတန်းဂါရာ ပြည်နယ် မိုမဲရီး မြို့ရှိ လေဆိပ်ကို ပိတ်ထားခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ဇွန် ၁၈ ရက်မှာ ပြောပါတယ်။
ဘာလီကျွန်းရှိ အီဂုစ်တီ ငုရာဟိုင်း အပြည်ပြည်ဆိုင်ရာလေဆိပ်ရဲ့ သတင်းထုတ်ပြန်ချက်အရ နိုင်ငံတကာလေယာဉ်ခရီးစဉ် ၁၂ ခုနဲ့ ပြည်တွင်းလေယာဉ်ခရီးစဉ် ၅ ခု၊ အနည်းဆုံး လေယာဉ်ခရီးစဉ် ၁၇ ခုကို ဖျက်သိမ်းခဲ့ပြီး မီးတောင်ပေါက်ကွဲမှုကြောင့် စုစုပေါင်း ၃၂ ခု ထိခိုက်ခဲ့တယ် လို့ ဆိုပါတယ်။
အိန္ဒိယ၊ စင်္ကာပူနဲ့ သြစတြေးလျတို့မှ နိုင်ငံတကာလေကြောင်း ခရီးစဉ်တွေလည်း ထိခိုက်ခဲ့ပါတယ်။
လယ်ဝိုတိုဘီ လာကီလာကီ မီးတောင်ရဲ့ နောက်ဆုံးပေါက်ကွဲမှုဟာ မေလမှာ ဖြစ်ပွားခဲ့ပြီး အာဏာပိုင်တွေကလည်း သတိပေးချက်ကို အပြင်းထန်ဆုံးအဆင့်သို့ မြှင့်တင်ခဲ့ပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ မြေငလျင်ပြင်းထန်မှုတွေ အများဆုံး ဖြစ်တတ်တဲ့ ပစိဖိတ်မီးကွင်းအတွင်း တည်ရှိနေတာဖြစ်ပါတယ်။
Source: Reuters