
စစ်ကိုင်းတိုင်း၊ မုံရွာ-ချောင်းဦး လမ်းမပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စီးလာတဲ့ကားကို ဇွန် ၁၆ ရက်နေ့၊ ည ၁၁ နာရီခွဲဝန်းကျင်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့လို့ အရာရှိဗိုလ် အပါအဝင် ၃ ယောက် သေဆုံးကာ လက်နက်တွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ Brave Heart Army (BHA) က ဇွန် ၁၈ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
BHA ရဲ့ ပြန်ကြားရေးတာဝန်ခံက “မုံရွာ-မန္တလေးလမ်းပေါ်မှာ ချောင်းဦးထွေအုပ်ရုံးထဲကနေ မုံရွာဘက်ကို အိမ်စီးကားနဲ့ ထွက်လာတဲ့ကောင်တွေကို သတင်းရလို့ လမ်းကနေ အသင့်ကြိုစောင့်ပြီး မုံရွာနယ်ထဲက တောပုရွာနားမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာ” လို့ ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးပွင့်ဗိုလ်အရာရှိအပါအဝင် ၃ ယောက် သေဆုံးကာ လက်နက်တွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
“အဲဒီကားပေါ်မှာက သေတဲ့ကောင် ၃ ကောင်နဲ့ဆို ၅ ကောင် ပါလာတာ။ ၂ ကောင်ကတော့ ဒဏ်ရာတွေနဲ့ ထွက်ပြေးသွားတယ်။ ကားပေါ်ကကနေ သူတို့ ပါလာတဲ့ လက်နက်တွေ သိမ်းပြီးတော့ ကားကို မီးရှို့ခဲ့ပါတယ်။ သူတို့ဘက်ကနေ ပြန်ပြီးပစ်ချိန်ကို မရလိုက်တာ။ သေတဲ့ သုံးပွင့်ဗိုလ်ရဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ နောက်မှ ပြောပြပေးပါမယ်” လို့ BHA အဖွဲ့တာဝန်ခံ ကိုဖိုးသားကြီး က DVB ကို ပြောပါတယ်။
အဲဒီ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဆီကနေ MA1၊ ပါရီ၊ MA5၊ M9၊ Sig Batter (အရှည် ၂ လက်၊ အတို ၃ လက်) တို့အပါအဝင် လက်ကိုင်ဖုန်း ၃ လုံးနဲ့ အရာရှိဝန်ထမ်းကတ်တချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သူကဆက်ပြောပါတယ်။
Brave Heart Army (BHA) နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဇွန် ၁၂ ရက်ကလည်း စစ်ကောင်စီလက်အောက်ခံ စစ်ကိုင်း တပ်မ ၃၃ ကနေ ထွက်လာကြတဲ့ ကြေးနီတင်ယာဥ်တန်းကို မုံရွာ-မန္တလေးလမ်းပေါ်က မအူစစ်ကောင်စီဂိတ်အနီးမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ကြသေးလို့ ကြေးနီတင်ကား ၂ စီး ပျက်စီးခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း သေဆုံးဒဏ်ရာရခဲ့ကြသေးတယ်လို့ သိရပါတယ်။