
အကျဉ်းချခံထားရတဲ့ လူထုခေါင်းဆောင်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အား ရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိတဲ့ စစ်ကိုင်းငလျင်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ စုဖောင်ဒေးရှင်းနဲ့ ပြင်သစ်အခြေစိုက် လူ့အခွင့်အရေးရှေ့နေအဖွဲ့ Zimeray & Finelle တို့က ဇွန် ၁၉ ရက်စွဲနဲ့ သတင်းထုတ်ပြန်လိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားတဲ့ အကျဉ်းထောင်ဟာ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ပြီး ဘယ်ဘက်လက်မောင်းမှာ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အကြောင်း သတင်းရင်းမြစ်များစွာက ဖော်ပြထားကြတယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။
စုဖောင်ဒေးရှင်း ဥက္ကဋ္ဌ Jean Todt နဲ့ အမှုဆောင်အရာရှိချုပ် Dr Michael Marent-Crosby တို့က “ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ ဘေးကင်းလုံခြုံရေးအတွက် ကျနော်တို့ အထူးပဲ စိုးရိမ်ပူပန်နေပါတယ်။ သူမရဲ့ အသက် ၈၀ ပြည့် မွေးနေ့မှာတော့ စုဖောင်ဒေးရှင်းက မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ပထမဆုံးခြေလှမ်းအဖြစ် ဒေါ်စုနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။
လူထုခေါင်းဆောင်ရဲ့ ရှေ့နေဖြစ်တွေဖြစ်ကြတဲ့ François Zimeray နဲ့ Catalina de la Sotx တို့ကလည်း “ကမ္ဘာက ဒေါ်အောင်ဆန်းစုကြည်ကို လျစ်လျူရှုထားချိန်မှာ သူမအနေနဲ့ အကျဉ်းထောင်ထဲမှာပဲ ကွယ်လွန်သွားမှာကို စိုးရိမ်မိပါတယ်။ သူမရဲ့ အသက်အရွယ်နဲ့ ၂၀၂၁ ခုနှစ်ကတည်းက လျှို့ဝှက်စွာ ထိန်းသိမ်းခံထားရတာကို ကြည့်ရင် ငလျင်ကြောင့် ဒဏ်ရာရခဲ့တဲ့အပေါ်မှာ အင်မတန် စိုးရိမ်ပါတယ်” လို့ ပြောပါတယ်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကတည်းက ဖမ်းဆီးအကျဉ်းချထားတာဖြစ်ပြီး စုစုပေါင်း အမှု ၁၉ မှုထဲက အမှု ၅ မှုကို ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် ပေးခဲ့တဲ့အတွက် ကျန်တဲ့ ၁၄ မှုအတွက် ထောင်ဒဏ် ၂၇ နှစ် ဆက်လက်ကျခံရဆဲ ဖြစ်ပါတယ်။
ဖမ်းဆီးအကျဉ်းချခံထားရတဲ့ ၄ နှစ်တာ ကာလအတွင်းမှာ မိသားစုနဲ့ ရှေ့နေတွေကိုလည်း တွေ့ခွင့်မပေးခဲ့ပါဘူး။
စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေကြောင့် အရပ်သားတွေ သတ်ဖြတ်ခံရမှုနဲ့ ဖမ်းဆီးခံရမှုတွေ ဆက်လက်မြင့်တက်နေပြီးတော့ လူပေါင်း ၁၀၀ ကျော်ကိုလည်း သေဒဏ်ချမှတ်ထားတယ်လို့ ရှေ့နေတွေနဲ့ စုဖောင်ဒေးရှင်းတို့က ဆိုပါတယ်။
နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ မြန်မာနိုင်ငံသားတွေရဲ့ အခြေခံရပိုင်ခွင့် အခွင့်အရေးတွေ ရရှိနိုင်ဖို့ အတင်းအကျပ် တွန်းအားပေးကြဖို့ကိုလည်း ရှေ့နေတွေနဲ့ စုဖောင်ဒေးရှင်းတို့က တောင်းဆိုခဲ့ကြပါတယ်။
မစ္စတာရှောင်တာနယ် ကလည်း မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြီးကြောင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး စစ်ကောင်စီရဲ့ ဆိုးရွားလှတဲ့ ကျန်းမာရေးစောင့်ရှောက်မှုအောက်မှာ ဆေးကုသမှု ခံယူနေရတယ်လို့ စုဖောင်ဒေးရှင်းရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး သူ့ရဲ့ အင်တာနက် လူမှုကွန်ရက်စာမျက်နှာမှာ ဇွန် ၁၈ ရက် ညပိုင်းက ရေးသားဖော်ပြခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၄ ခုနှစ်ကတည်းက မြန်မာနိုင်ငံသားတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ကူညီထောက်ပံ့ပေးဖို့ ရည်ရွယ်ပြီး စုဖောင်ဒေးရှင်းကို တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။