လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့် မွေးနေ့အထိမ်းအမှတ် ပန်းသပိတ်ကို မန္တလေးမြို့ တနေရာမှာ ကျင်းပခဲ့တယ်လို့ သပိတ်ခေါင်းဆောင် ကိုတေဇာဆန်းက DVB ကို ပြောပါတယ်။
လူထုလှုပ်ရှားမှုကို ဖက်ဆစ်တပ်ရဲ့ အဓမ္မ ဖမ်းဆီးအကျဉ်းချခံထားရတဲ့ လူထုခေါင်းဆောင် အမေ ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့် မွေးနေ့ကို ဂုဏ်ပြုလျက် ပြည်သူတွေနဲ့အတူ ပူးပေါင်း သပိတ်ဖော်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
“လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ယုံကြည်ချက်အတွက်၊ စစ်အာဏာရှင်လက်က တိုင်းပြည်လွတ်မြောက်ရေးအတွက် ဒီအသက်အရွယ်ထိ ဆက်လက် ကြိုးပမ်း ထမ်းရွက်နေဆဲပါ။ အကျဉ်းထောင်တွေထဲက ခေါင်းဆောင်တွေ၊ ရဲဘော်တွေကတောင် မဆုတ်မနစ် တိုက်ပွဲဝင်နေကြချိန်မှာ အကျယ်ထောင်က ပြည်သူလူထုအနေနဲ့ကလည်း တော်လှန်ရေးမှတပါး အခြားမရှိပါဘူး။ တော်လှန်ရေးလို့ ဆိုရာမှာ မျှော်မှန်းချက်ပန်းတိုင်ကို လက်နက်ကိုင်စွဲ စစ်ရေးတိုက်ပွဲနည်းနာ တခုတည်းသက်သက်နဲ့ အလွယ်တကူ မရောက်နိုင်ဘူး ဆိုတာကို ကျနော်တို့အားလုံး နားလည်ထားကြပါတယ်။ သံတမန်ရေးတိုက်ပွဲ၊ ဘဏ္ဍာရေးတိုက်ပွဲ၊ စိတ်ဓာတ်ရေးရာတိုက်ပွဲ၊ ဘူးသပိတ်တိုက်ပွဲတို့ အပါအဝင် လူထုလူတန်းစား အလွှာအားလုံးက ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆင်နွှဲနိုင်တဲ့ လူထုလှုပ်ရှားမှုတွေကလည်း အရေးကြီးပါတယ်။ တနိုင်ငံလုံး လွတ်မြောက်ဖို့ ကျနော်တို့ ပြည်သူအားလုံးမှာ တာဝန်ရှိကြပါတယ်။ ပြည်သူအားလုံး ကျရာကဏ္ဍ၊ နိုင်ရာတာဝန် တိုက်ပွဲမျက်နှာစာ အသီးသီးကနေ တော်လှန်ရေးမှာ အစွမ်းကုန် ဆက်လက်ပါဝင်ကြဖို့ နှိုးဆော်လိုက်ပါတယ်ဗျို့။”
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့် မွေးနေ့အတွက် နိုင်ငံအနှံ့က ပြည်သူတွေ၊ ပြည်ပရောက် မြန်မာတွေနဲ့ နိုင်ငံတကာ သံရုံးတွေကပါ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဆုတောင်းပေးနေကြတာ ဖြစ်ပါတယ်။