
ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်မှာ မြေမြှုပ်မိုင်းနင်းမိတာကြောင့် အသက် ၅၀ ကျော် အရွယ် အမျိုးသားတယောက် သေဆုံးသွားတယ်လို့ ဖြစ်စဉ်ကိုသိရှိသူတွေဆီက သိရပါတယ်။
သေဆုံးသူဟာ စက်ဒေါင့်ကြီးကျေးရွာမှာ နေထိုင်တဲ့ ဦးလှဌေး ဖြစ်ပြီး စက်တင်ဘာ ၁၇ ရက် မနက်ပိုင်းက ထင်းသွားခုတ်ရင်း ကျေးရွာအနီးအုန်းခြံဝင်းအတွင်း မြေမြှုပ်မိုင်းနင်းမိတာကြောင့် သေဆုံးသွားတာလို့ သိရပါတယ်။
ဖြစ်စဉ်ကိုသိရှိတဲ့ ဒေသခံအမျိုးသားတယောက်က “မနက်ပိုင်းက ထင်းသွားခုတ်ရင်း မိုင်းနင်းမိတာ လို့ သိရတယ်။ အဲဒီအချိန်မှာ မသိကြဘူး။ ညနေပိုင်း လိုက်ရှာကြတော့မှ မိုင်းနင်းမိပြီး သေဆုံး နေတာကို သိရတာပါ။ ကိုယ်ခန္ဓာအနှံ့ ဒဏ်ရာတွေနဲ့ တခါတည်း သေဆုံးသွားတာပါ။ အဲဒီနေရာကို လည်း ဒေသခံတွေ ပုံမှန်သွားလာနေကြတာပါ” လို့ ပြောပါတယ်။
မြေမြှုပ်မိုင်း ပေါက်ကွဲခဲ့တဲ့နေရာဟာ ပြီးခဲ့တဲ့ ဩဂုတ်လဒုတိယအပတ်လောက်မှာ စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးလာရောက်ပြီး စခန်းချခံစစ်ပြင်ဆင်ခဲ့တဲ့ နေရာဖြစ်တယ်လို့ သိရပါတယ်။
အခုလို အရပ်သားပိုင် လယ်ယာမြေတွေအတွင်း မိုင်းပေါက်ကွဲမှုတွေ ဖြစ်ပွားလာတာကြောင့် ဒေသခံတွေအနေနဲ့ စိုးရိမ်ထိတ်လန့်နေပြီး လယ်ယာလုပ်ငန်းနဲ့ မိရိုးဖလာ ထင်းခုတ်လုပ်ငန်းတွေ လုပ်ကိုင်ဖို့ အခက်အခဲတွေ ကြုံတွေ့နေရတယ် လို့ ဒေသခံတွေဆီက သိရပါတယ်။











