
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ထဲက ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နေရာတွေကို စစ်ကောင်စီဘက်က စစ်ရေးလှုပ်ရှားလာတာကြောင့် ပစ်ခတ်မှုတွေ နေ့စဉ်ဖြစ်ပွားနေတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်ကနေ သိရပါတယ်။
ဗန်းမော်မြို့ရှိ စစ်ကောင်စီတပ်စခန်းတွေကို KIA ပူးပေါင်းတပ်တွေက ဝိုင်းဝန်းပိတ်ဆို့ထားပြီး စစ်ကောင်စီဘက်ကတော့ မကြာခဏ စစ်ကြောင်းထိုးလှုပ်ရှားတာတွေရှိနေတယ်လို့ ကချင်ရဲဘော် တယောက်က ပြောပါတယ်။
“သူတို့(စကစ)ဘက်ကတော့ အဲလိုပဲ ခဏခဏ ပြန်ပြီး ထွက်ထိုးတာရှိတယ်၊ (၂၁) ဘက်ကော၊ ကမ်းနားဘက်ကော အခြေအနေကြည့်ပြီး ထွက်လာပြီးတော့ ကျနော်တို့ရှိတဲ့ ဘက်ကို ပြန်ထိုးလာတာတွေရှိတယ်။ အဲလိုဆိုတော့ နှစ်ဘက် ပစ်ခတ်တာတွေ ခဏခဏဖြစ်တယ်။”
စစ်ကောင်စီဘက်က ဗန်းမော်မြို့ပတ်ဝန်းကျင်ကို လေကြောင်းတိုက်ခိုက်မှုတွေလည်း နေ့စဉ်ပြုလုပ်နေပြီး လေကြောင်းကနေ လက်နက်ခဲယမ်းနဲ့ စစ်အင်အားပို့တာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
စစ်ကောင်စီဘက် နယ်မြေချဲ့ထွင်ဖို့အတွက် ဒရုန်းဗုံးကြဲမှုတွေ အများအပြားနဲ့ သံချပ်ကာပစ်ကူတွေနဲ့ စစ်ရေးလှုပ်ရှားတာဖြစ်တယ်လို့ ရှေ့တန်းက KIA တပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။
“အဓိက ဒရုန်းနဲ့လိုက်ချပြီးတော့ ရှင်းတယ်၊ လေယာဉ်နဲ့ကော သံချပ်ကား ပစ်ကူတွေနဲ့ ပြန်ပြီးစစ်ကြောင်းထိုးလာတွေလုပ်တယ်၊ သူတို့ တဖြည်းဖြည်းနဲ့ ပြန်ပြီး နေရာချဲ့တဲ့ ပုံစံတွေ လုပ်လာတယ်။”
ဗန်းမော်မြို့က စစ်ကောင်စီတပ်သားတွေနေရာယူထားတဲ့ ပတ်ဝန်းကျင်က နေအိမ်တွေကိုလည်း မြင်ကွင်းရှင်းစေဖို့အတွက် မီးရှို့ရှင်းလင်းတာတွေပြုလုပ်ပြီး စစ်ကောင်စီတပ်သားတွေ မြို့ပေါ်နေရာ တချို့မှာနေရာယူထားဆဲဖြစ်တယ်လို့ သိရပါတယ်။
ဇွန်လအတွင်းမှာလည်း KIA နဲ့ တပ်ပေါင်းစုတွေဘက်က ထိုးစစ်ကြီးကြီးမားမားပြုလုပ်တာမရှိဘဲ စစ်ကောင်စီတပ်စခန်းတွေကို ဝိုင်းဝန်း ပိတ်ဆို့ထားဆဲ ဖြစ်ပါတယ်။
ကချင်ပြည်နယ်မှာ ဖားကန့်ဒေသနဲ့ အင်းတော်ကြီးဒေသတွေမှာလည်း စစ်ကောင်စီ၊ ပြည်သူ့စစ်နဲ့ SNA ပူးပေါင်းတပ်ဖွဲ့တွေကို KIA ထိန်းချုပ်ထားတဲ့ ဒေသတွေကို စစ်ကြောင်းထိုးလာတာကြောင့် နှစ်ဖက်စစ်ရေးတင်းမာပြီး တိုက်ပွဲ ပြင်းထန်နေတာ နှစ်ပတ်ဝန်းကျင်ရှိလာပြီ ဖြစ်ပါတယ်။