
ဇွန် ၁၉ ရက်ဟာဆိုရင် ကျနော်တို့ ခေါင်းဆောင်ရဲ့ အသက် ၈၀ ပြည့်တဲ့မွေးနေ့ဖြစ်ပါတယ်။ အင်မတန် စိတ်ထိခိုက်စရာကောင်းတာကတော့ ကျနော်တို့ခေါင်းဆောင်ဟာ မသမာသူလူတစု ဦးဆောင်တဲ့ စစ်ကောင်စီရဲ့ မတရားဖမ်းဆီးချုပ်နှောင်ခြင်းကို ခံနေရပြီး အကျဥ်းထောင်ထဲမှာ အကျဥ်းသားဘဝနဲ့ ဖြတ်သန်းနေရတဲ့ အချိန်ဖြစ်နေလို့ပါပဲ။
ဒေါ်အောင်ဆန်းစုကြည်ကို ဖက်ဆစ်စစ်တပ်ရဲ့ ခေါင်းဆောင် မင်းအောင်လှိုင်က အကျဥ်းချထားခြင်းဟာ ပြည်သူ့လူထုရဲ့ စိတ်ဝိညာဥ်ကို ထောင်ချထားတာနဲ့ အတူတူပါပဲ။
ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူး တာဝန်ထမ်းဆောင်ခဲ့စဥ်က စာရေးသူ သဘောကျတဲ့ ခေါင်းဆောင်ရဲ့ လုပ်ငန်းစဥ်တွေများစွာထဲကမှ အချက် (၃) ချက်လောက်ကို ထုတ်ဖော်ပြောပြချင်ပါတယ်။
(၁) လူထုတွေ့ဆုံပွဲများ
ခေါင်းဆောင်ဟာ ပြည်သူလူထုနဲ့ တွေ့ဆုံပွဲတွေလုပ်ပြီး ပြည်သူလူထုနဲ့ အပြန်အလှန် စကားပြောရဲတယ်။ အာပလာ စကားဝိုင်းတွေ မဟုတ်ဘူးနော်။ ကြိုတင်စီစဥ်ထားပြီး သင်ပေးထားတဲ့အတိုင်း ပြောရတဲ့ လုပ်ဇာတ်စကားဝိုင်းတွေ မဟုတ်ဘူးဆိုတာ ခေါင်းဆောင်နဲ့ လူထုတွေ့ဆုံပွဲတွေ လက်တွေ့ကြုံဖူးတဲ့သူတွေ သိကြမှာပါ။ လူထုတွေ့ဆုံပွဲတွေရဲ့ အရေးပါမှုဟာ ပြောမကုန်နိုင်အောင် အကျိုးကျေးဇူးများပါတယ်။ ကိုယ်စားပြုဒီမိုကရေစီအရ အရွေးချယ်ခံထားရတဲ့ ခေါင်းဆောင် အကြီးအကဲတယောက်ဟာ လစ်လပ်သွားနိုင်တဲ့ ဟာကွက် နေရာမှာ အများပြည်သူလူထုက ထိရောက်စွာ ကျင့်သုံးနိုင်တဲ့ တိုက်ရိုက်ဒီမိုကရေစီအဆင့်ကို စိတ်လိုလက်ရ ပြန်သွားပေးနေတဲ့ ခေါင်းဆောင်တယောက်ရဲ့ ပြည်သူလူထုနဲ့ တိုင်ပြည်အပေါ်မှာ ထားတဲ့ စိတ်စေတနာ စွမ်းရည်သတ္တိတခုပါပဲ။
(၂) လူငယ် ကျောင်းသား/သူများနဲ့ တွေ့ဆုံစကားဝိုင်းများ
လူငယ်ကျောင်းသူ/သားများနဲ့ တွေ့ဆုံပွဲများ ခေါင်းဆောင်ဟာ လူထုနဲ့တင် တွေ့ဆုံပွဲတွေ လုပ်တာမဟုတ်ဘဲ မျိုးဆက်သစ်လူငယ်တွေနဲ့ပါ တွေ့ဆုံဆွေးနွေးစကားဝိုင်းတွေ လုပ်တာ တွေ့ရမှာပါ။ ဒါဟာ တိုင်းပြည်အတွက် အင်မတန်အရေးကြီးတဲ့ လုပ်ငန်းစဥ်တခုလို့ ကျနော် မြင်ပါတယ်။ ဒါဟာ နိုင်ငံခေါင်းဆောင်တယောက်ရဲ့ တိုင်းပြည်နဲ့ လူထုအပေါ်ထားတဲ့ ကြီးမားတဲ့ စိတ်စေတနာတခုပါပဲ။ ဒီထက်အရေးကြီးတာက ခေါင်းဆောင်ဟာ လူငယ်များနဲ့ စကားပြောတာထက် အနာဂတ်နဲ့ စကားပြောနေတာပါ။ နိုင်ငံ့ခေါင်းဆောင်တယောက်အနေနဲ့ ပစ္စုပ္ပန်မှာ သူ ဘာလုပ်ရမလဲလို့ သိဖို့အတွက် အနာဂတ်မှာ ခေါင်းဆောင်ဖြစ်လာမယ့် လူငယ်တွေနဲ့ စကားပြောခြင်းနဲ့ လူငယ်တွေရဲ့အသံကို နားထောင်ခြင်းဟာ အလွန်အရေးကြီးတဲ့ လုပ်ငန်းစဥ်လို့ ကျနော် မြင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အခုအချိန်မှာ ခေါင်းဆောင်ဟာ အကျဥ်းကျနေပေမဲ့ ခေါင်းဆောင်ရဲ့ ကြိုးစားဆောင်ရွက်ချက်တွေဟာ အခု သူ မရှိတော့တာတောင် ကျနော်တို့ကို မရှိခြင်းအားဖြင့် (နတ္ထိပစ္စယော) ကျေးဇူးပြုနေပါတယ်။ ခေါင်းဆောင်ဟာ တချိန်က လူထုတွေ့ဆုံပွဲတခုမှာ ပြည်သူလူထုရဲ့ မေးခွန်းတခုကို အခုလို ဖြေဖူးပါတယ်။ သူ မရှိတော့ရင်တောင် ဖြစ်တဲ့နိုင်ငံတော် (သူမပါဘဲနဲ့ တောင် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေကို တိုက်ယူရဲ့တဲ့ ပြည်သူလူထု - စာရေးသူ) ကို ကျမ မြင်ချင်ပါတယ်လို့ ဖြေဖူးပါတယ်။
(၃) သက်မွေးပညာသင်ကျောင်းများ ဖွင့်လှစ်ပေးခြင်း
ခေါင်းဆောင်ဟာ လရောင်တော အပါအဝင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း အစရှိသဖြင့် အမည်နာမအမျိုးမျိုးနဲ့ သက်မွေးပညာသင်ကျောင်းတွေ နိုင်ငံအနှံ့အပြားမှာ ဖွင့်လှစ်ပေးခဲ့တာဟာ အင်မတန်ကျေးဇူးတင်စရာကောင်းတဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဉာဏ်အမြော်အမြင်နဲ့ စိတ်ရင်းစေတနာတွေထဲက အရေးပါတဲ့ တခုပါ။ တခါက ပုပ္ပါးက အမေ့ခြံလို့ ကျနော်တို့ ခေါ်လေ့ရှိတဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း (ကွန်ပျူတာ အခမဲ့ သင်တန်းကျောင်း) မှာ လရောင်တောရဲ့ တာဝန်ခံနဲ့ရော သူ့အဖွဲ့ဝင်တွေနဲ့ပါ မမျှော်လင့် ကံကောင်းထောက်မစွာ ဆုံစည်းခွင့် ရခဲ့ပါတယ်။ ကျနော် ထင်ထားတာထက်ပိုတဲ့ စီမံချက်တွေနဲ့ အလုပ်လုပ်နေတာ တွေ့ရပါတယ်။ လရောင်တော တာဝန်ခံ တော်လှန်ရေးကာလ အဖမ်းခံရပြီး ပြန်လွတ်လာတော့ အင်တာဗျူးအစီအစဥ်တွေ နားထောင်ရပါတယ်။ တိုင်းပြည်အတွက် အင်မတန် နှမြောတသ ဖြစ်ရတဲ့ လရောင်တော စီမံကိန်းအကြောင်းပါတော့ အလွန်ပဲ စိတ်ထိခိုက်ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ဖက်ဆစ်စစ်တပ်ရဲ့ ခေါင်းဆောင် မင်းအောင်လှိုင်က အကျဥ်းချထားတာဟာ ပြည်သူ့လူထုရဲ့ စိတ်ဝိညာဥ်ကို ထောင်ချထားတာနဲ့ အတူတူပါပဲ။ အမေက ပြောဖူးပါတယ်။ “ကျမရဲ့ ရုပ်ခန္ဓာကို ထောင်ချလို့ ရရင်ရမယ်။ ဒါပေမဲ့ ကျမရဲ့ စိတ်ဝိညာဥ် လွတ်လပ်မှုကိုတော့ သူတို့ အကျဥ်းချလို့ ရမှာမဟုတ်ဘူး”လို့ အဲဒီလို သဘောမျိုး ပြောဖူးပါတယ်။
အခုအခြေအနေကတော့ မြန်မာပြည်သူလူထုတရပ်လုံးက အမေ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ရှိနေဆဲပါပဲ။ သူတို့ရဲ့ စိတ်နှလုံးသားထဲမှာ သူတို့ရဲ့ ခေါင်းဆောင်ဟာ ဒေါ်အောင်ဆန်းစုကြည်ပါပဲ။ လက်ရှိ မြန်မာနိုင်ငံရဲ့ အထွေထွေအကျပ်အတည်း ပဋိပက္ခကို ဒေါ်အောင်ဆန်းစုကြည်သာ ဦးဆောင်ဖြေရှင်းမယ်ဆိုရင် ပြေလည်နိုင်မယ်လို့ သူတို့ ယုံကြည်နေကြဆဲပဲ ဖြစ်ပါတယ်။ သူတဦးတည်းဆီမှာသာ အာဏာရော သြဇာရော တည်ရှိနိုင်တဲ့ တဦးတည်းသော မြန်မာပြည်ရဲ့ ဆုံမှတ်လို့ သူတို့ လေးနက်စွာ ယုံကြည်နေလျက်ပါပဲ။