DVB Logo
Home
မြန်မာသတင်း
ဆီစက်လုပ်ငန်းရှင်များအတွက် စစ်ကောင်စီပေးသည့် ချေးငွေ ရယူရန် ခက်ခဲ
DVB
·
June 19, 2025
ဆီစက်လုပ်ငန်းရှင်များအတွက် စစ်ကောင်စီပေးသည့် ချေးငွေ ရယူရန် ခက်ခဲ
Donate to DVB

မြန်မာပြည်တွင်း ဆီစက်လုပ်ငန်းရှင်တွေကို  စစ်ကောင်စီက  ၂ နှစ်အတွင်း ကျပ်ငွေဘီလီယံ ၅၀ အထိ ချေးငွေချထားဖို့ ပြင်ဆင်ထားပေမဲ့ ချေးငွေလျှောက်ထားရယူရတဲ့ လုပ်ထုံးလုပ်နည်းတွေ ရှုပ်ထွေးတာကြောင့် ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ချေးငွေ ၄ ဘီလီယံကျော်သာ ထုတ်ချေးနိုင်ခဲ့ပါတယ်။

ဆီစက်လုပ်ငန်းရှင်တယောက်ကို အနည်းဆုံး ကျပ်သန်း ၂၀ ကနေ ကျပ်ငွေသန်း ၃၀၀ အထိ ထုတ်ချေးထားပြီး သန်း ၅၀၀ ထိ ထုတ်ချေးသွားဖို့ စီစဥ်ထားပေမဲ့ ဆီစက်လုပ်ငန်းရှင် အများစု ချေးငွေရယူနိုင်ခြင်း မရှိခဲ့ဘူးလို့ ဆီစက်လုပ်ငန်းရှင်တယောက်က ပြောပါတယ်။

“ဝန်ဆောင်မှုတွေကလည်း သူတို့ဘဏ်တွေမှာ အလုပ်အရမ်းရှုပ်တော့ ဒါကို ကြပ်ကြပ်မတ်မတ် လုပ်ပေးနိုင်မှု အားနည်းတယ်။ နံပါတ်နှစ်က ချေးငွေစိစစ်ရေးကော်မတီမှာကိုက အဖွဲ့ ၇ ဖွဲ့ရှိတယ်။ နံပါတ်တစ်က MEB နောက်၊ MADB၊ ပြီးရင် စိုက်ပျိုးရေး၊ ပြီးတော့ စားသုံးသူရေးရာ၊ ပြီးတော့ စက်မှုကြီးကြပ်၊ ထွေအုပ်၊ ပြီးတော့ မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်း၊ အဲဒီအဖွဲ့တွေ အကုန်စုံမှ သဘောတူမှ လက်မှတ်ထိုးမှ ခွင့်ပြုရမယ်ဆိုတဲ့ အနေအထားမျိုးတွေ ဖြစ်နေတယ်။ အဲတော့ လမ်းကြောင်းတွေ သိပ်များတယ်။ ဒီ ၇ ဖွဲ့ကိုစုံဖို့ သူတို့ရဲ့ သဘောတူညီချက်တွေရဖို့ သွားရလာရတာတွေက သိပ်များတယ်။ ဒါကြောင့်မို့ အခက်အခဲတွေ ဖြစ်လာတယ်လို့ ယူဆတာပေါ့နော်။”

စစ်ကောင်စီက အာဏာစသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်ကစလို့ ပြည်တွင်းစားသုံးဆီ ဖူလုံမှုရှိအောင် မြေပဲနဲ့ နှမ်းအပြင် ဆီထွက်နှုန်းများတဲ့ နေကြာကို စိုက်ဧကချဲ့ဖို့ တွန်းအားပေးခဲ့သလို ဆီစက်လုပ်ငန်းတွေ တိုးချဲ့နိုင်ဖို့ မတည်ရင်းနှီးငွေနဲ့ လုပ်ငန်းလှည့်ပတ် ရန်ပုံငွေ ချေးငွေ ၂ မျိုး ထုတ်ချေးမယ့် အစီအစဥ်ကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လက စတင်ခဲ့တာဖြစ်ပါတယ်။

ချေးငွေအစီအစဥ်မတိုင်ခင်နှစ်တွေက ပြည်ပဆီတွေ အလုံးအရင်းနဲ့ တင်သွင်းခဲ့ချိန်မှာ မြန်မာ့ဆီစက်လုပ်ငန်းတွေက ဆီထွက်သီးနှံတွေကို နဝလီကြိတ်ခွဲရတဲ့အဆင့်ကို ကျဆင်းသွားခဲ့ပါတယ်။

ဒါ့အပြင် စက်နဲ့ အဆောက်အအုံ ပြင်ဆင်စရိတ်တွေအတွက် ပုဂ္ဂလိကဘဏ်တွေကနေ ၁၄ ရာခိုင်နှုန်း အတိုးနှုန်းနဲ့ ချေးငွေရယူထားပြီးဖြစ်လို့ အတိုးနှုန်းသက်သာတဲ့ ချေးငွေအစီအစဥ် ဖြစ်လာတဲ့အခါ ချေးငွေချထားပေးမယ့် မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နဲ့ ပုဂ္ဂလိကဘဏ်တို့ ပူးပေါင်းပြီး အတိုးနှုန်း ၅ ဒသမ ၅ ရာခိုင်နှုန်းနဲ့ ထုတ်ချေးပေးဖို့ စီစဥ်နေပေမဲ့လည်း လက်ရှိအချိန်မှာတော့ ဖြစ်မလာသေးပါဘူး။

ပြည်တွင်းစားဆီဖူလုံအောင် ပြည်တွင်းဆီစက်တွေ ဖွံ့ဖြိုးလာဖို့ ဆောင်ရွက်နေပေမဲ့လည်း စားအုန်းဆီကို ပြည်ပပေါက်ဈေးထက် ဈေးလျှော့ရောင်းနေတဲ့ အခြေအနေက ပြည်တွင်းဆီစက်တွေကို အထိနာစေသလို လက်ရှိ စားအုန်းဆီဖြန့်ဖြူးတဲ့ စနစ်တွေအရ စားသုံးသူ အကျိုးခံစားခွင့် နည်းပါးတယ်လို့ ဆီစက်လုပ်ငန်းရှင်တယောက်က သုံးသပ်ပါတယ်။

“အဲ့အခါမှာ စာအုန်းဆီက ဈေးပေါပေါနဲ့ ရနေတော့ Demand ကောင်းနေတာ။ စားအုန်းဆီ လိုချင်တယ်။ စားဆီက လိုချင်လို့ လိုချင်တာမဟုတ်ဘူး။ စားအုန်းဆီဈေးသာ ပဲဆီနဲ့ တပိဿာ ၂,၀၀၀ ကွာတို့၊ ၃,၀၀၀ ကွာတို့ ဖြစ်ကြည့်ပါလား၊ စားအုန်းဆီ ဝယ်မယ့်သူမရှိဘူး။ ရှင်းရှင်းလေးရယ်၊ စားအုန်းဆီကို နိုင်ငံခြားကလာနေတဲ့အတိုင်း အရင်ရောင်းခိုင်းလိုက်စမ်းပါ။ ဒီစားအုန်းဆီအတွက် ပေးရတဲ့ ဘဏ္ဍာနစ်နာပါတယ်။ တကယ်တမ်းလည်း သူတို့ သတ်မှတ်ထားသလို အခြေခံလူတန်းစား အကုန်လုံးက သူတို့သတ်မှတ်ထားတဲ့ ဈေးနှုန်းအတိုင်း အရည်အသွေးတိုင်း မရကြပါဘူး။”

လတ်တလော ဖွံ့ဖြိုးရေးချေးငွေကို ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ နေပြည်တော်၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရန်ကုန်တိုင်းတို့က ဆီစက်အသင်းဝင် စက်ပိုင် ၁၅ ယောက်နဲ့ စုစုပေါင်း ၃၅ ယောက်ကို ထုတ်ချေးပေးထားတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ဟန်န

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013