
မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲက စစ်ဘေးရှောင်တွေ နေထိုင်နေတဲ့ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ဇွန် ၁၆ ရက် နေ့လယ် ၁ နာရီခွဲဝန်းကျင်မှာ လေကြောင်းတိုက်ခိုက်ခဲ့လို့ ဘုရားစေတီတွေနဲ့ ကျောင်းဆောင်တွေ ပျက်စီးခဲ့သလို ပြည်သူတယောက်လည်း သေဆုံးခဲ့ပြီး ဒဏ်ရာရရှိခဲ့ကြသူတွေလည်း ရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း (မြိုင်) ရဲ့ တာဝန်ခံက “မြိုင်တောင်ပိုင်းမှာရှိတဲ့ ဇီးတောရွာ ဘုန်းကြီးကျောင်းကို ပေါင် ၅၀၀ လို့ ယူဆရတဲ့ ဗုံးတလုံး ကြဲချခံရတာပေါ့နော်။ အဲဒီ ဘုန်းကြီးကျောင်းမှာက စစ်ရှောင်တွေနေနေကြတော့ ထိခိုက်တဲ့သူ များရတာပါ။ တိုက်ပွဲဖြစ်တာ မရှိဘဲနဲ့ ဘုန်းကြီးကျောင်းကို ဦးတည်တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်ဗျ” လို့ ပြောပါတယ်။
အဲဒီ ဗုံးကြဲခံရတာကြောင့် အသက် ၅၀ နီးပါးရှိတဲ့ စစ်ဘေးရှောင်အမျိုးသမီးတယောက်ဟာ နေရာမှာတင် သေဆုံးခဲ့ပြီး စစ်ဘေးရှောင်အမျိုးသားတယောက်နဲ့ အမျိုးသမီး ၄ ယောက်တို့ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြသလို ကလေးသူငယ်တွေလည်း သတိလစ်မေ့မျောတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဇီးတောရွာသားတယောက်က “အခုဗုံးကြဲခံရတဲ့ ကျနော်တို့ရွာ ဘုန်းကြီးကျောင်းမှာ ပေါက်-ကမ္မလမ်းပေါ်က ရွာတွေကနေ စစ်ဘေးရှောင်ပြည်သူတွေ ၅၀ နီးပါးလောက် နေထိုင်နေကြတာပါ။ အဲဒီနေ့က နေ့လယ်ပိုင်းလောက် လေယာဥ်သံကြားတာနဲ့ တချို့လည်း ထွက်ပြေးကြတယ်။ တချို့လည်း မပြေးနိုင်ကြဘူးပေါ့။ ကျောင်းပေါ်ကို တည့်တည့်လာကြဲလိမ့်မယ်လို့လည်း ထင်မထားကြဘူးလေ။ ဗုံးက ကျောင်းဝိုင်းထဲ တည့်တည့်ကျလာတော့ ဒုက္ခတွေ ထပ်ရောက်ကြတာပေါ့ဗျာ။ ရွာခံအိမ်တွေတော့ ထိခိုက်တာမရှိပါဘူး။ ကျနော် စစ်တပ်ကို မေးချင်တာက ပြည်သူလက်မခံဘဲနဲ့ ဘာဖြစ်လို့ တိုင်းပြည်အာဏာကို ဆက်ယူထားတာလည်း ဆိုတာပါဗျ” လို့ ပြောပါတယ်။
သေဆုံးသွားတဲ့ စစ်ဘေးရှောင်အမျိုးသမီးကိုတော့ ဇွန် ၁၇ ရက်မှာ သင်္ဂြိုဟ်ပေးခဲ့ပြီး ဒဏ်ရာရှိခဲ့ကြသူတွေကိုလည်း ဆေးကုသမှုတွေ ဆက်လက်ဆောင်ရွက်ပေးနေကာ ဒဏ်ရာရသူတွေထဲမှာလည်း အသက်အန္တရာယ် စိုးရိမ်ရတဲ့သူတွေ ရှိနေပါတယ်။
ဇွန် ၁၅ ရက် နေ့လယ်ပိုင်းကလည်း မြိုင်မြို့နယ်ထဲက သန်းနုတောကျေးရွာကို စစ်ကောင်စီတပ်က စက်တပ်လေထီးတွေနဲ့ ဗုံးကြဲတိုက်ခဲ့လို့ ဒေသခံပြည်သူတွေ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသလို စာသင်ကျောင်းဆောင်တွေလည်း ပျက်စီးခဲ့ပါသေးတယ်။
စစ်ကောင်စီတပ်ဟာ မြိုင်မြို့နယ်အတွင်းကို စစ်ကြောင်းထိုးတာ၊ လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေလို့ ပြည်သူတွေအနေနဲ့ သတိကြီးစွာထားပြီး သွားလာနေထိုင်ကြဖို့လည်း ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က သတိပေးထားတယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲမှာလည်း ပျူစောထီးတွေနေတဲ့ ကျေးရွာတွေကို စားနပ်ရိက္ခာ၊ လက်နက်ခဲယမ်း၊ စစ်သားအင်အားတွေ ဖြည့်တင်းနေပြီး ဇွန် ၁၇ ရက် တရက်တည်း လေယာဥ်နဲ့ ၁၅ ကြိမ်တိတိ ဗုံးလာကြဲတယ်လို့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။
လက်ပံကန်ရွာ၊ စပါးစေ့ရွာနဲ့ မင်တိုင်ပင်ကျေးရွာ အနောက်ဘက် အပါအဝင် နေရာအတော်များများကို လေကြောင်းကနေ ဗုံးလာကြဲသွားတယ်လို့ ဆိုပါတယ်။
မြေပြင် တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတယောက်က “ဇွန် ၁၇ ရက်နေ့ ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးလာကြဲတာ ၁၅ ကြိမ်တိတိ လေယာဥ် ၂ စင်းနဲ့ Mi17 တစင်း၊ MI 35 တစင်းနဲ့ ဗုံးကြဲသလို အင်မထီး ပျူစောထီးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၃၀ ကျော်လောက်ကို ချပေးထားခဲ့တယ်” လို့ ပြောပါတယ်။
အင်မထီးရွာမှာ လေယာဥ်ဆင်းသွားပြီး စားနပ်ရိက္ခာတွေ၊ လက်နက်ခဲယမ်းတွေပါ ချပေးသွားတယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အိမ်မွေးတိရစ္ဆာန် ကျွဲ၊ နွားတွေ သေဆုံးခဲ့ပြီး ထိခိုက်မှုအခြေအနေ မသိရသေးကြောင်းနဲ့ ဇွန် ၁၈ ရက် ဒီကနေ့လည်း လေကြောင်းက ဗုံးလာကြဲနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။