
ချင်းညီနောင် သိမ်းပိုက်ထားတဲ့ မြို့တွေမှာ ပြည်သူတွေ နေထိုင်ပြီး ပုံမှန်အတိုင်း ပြန်လည် လည်ပတ်ဖို့ လုပ်ဆောင်နေပြီလို့ ချင်းညီနောင် တာဝန်ရှိသူတွေက ပြောပါတယ်။
မြို့တွေကို သိမ်းပိုက်ပြီးတဲ့အခါ အရပ်သားတွေ နေထိုင်နိုင်အောင် ရှင်းလင်းရေးတွေ လုပ်ဆောင်ပြီးတဲ့အခါ ရေရရှိရေးနဲ့ စည်ပင်လုပ်ငန်းတွေကို ဦးစားပေး လုပ်ဆောင်ထားတယ်လို့ သိရပါတယ်။
မင်းတပ်မြို့မှာတော့ အုပ်ချုပ်ရေးလုပ်ငန်းတွေ လည်ပတ်နေပြီး ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေ အားလုံး ပြန်လည်စတင်နိုင်နေပြီလို့ သိရပါတယ်။
ဒေသတွင်းက ပြည်သူတွေ စားဝတ်နေရေး ပြေလည်ဖို့အတွက် စိုက်ပျိုးရေးကဏ္ဍ မြှင့်တင်ရေးတွေ အဓိကလုပ်ဆောင်နေပြီး တိရစ္ဆာမွေးမြူရေး လုပ်ငန်းတွေမှာလည်း အကူအညီတွေ ပေးနေတယ်လို့ ချင်းညီနောင် ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က ပြောပါတယ်။
“စစ်ကောင်စီလက်ထဲကနေ ပြန်လည်ရယူပြီးတဲ့ နောက်ပိုင်းမှာ ကျနော်တို့ ပထမဆုံး ဦးစားပေးတာက မင်းတပ်လိုမျိုး၊ မတူပီလိုမျိုး၊ ဖလမ်းလိုမြို့မျိုးဆိုရင်တော့ အရင်ဆုံး ဦးစားပေး လုပ်ရတာက မြေမြှုပ်မိုင်းတွေ ရှင်းလင်းတာ၊ စစ်လက်ကျန်ပစ္စည်းတွေပေါ့၊ အီနာဂါလိုမျိုး၊ ၆၀ မမ၊ RPG ဗုံးသီးတွေပေါ့၊ ပြန်လည်ပေါက်ကွဲနိုင်တဲ့ စစ်လက်ကျန်ပစ္စည်းတွေကို ရှင်းလင်းတယ်။ မြေမြှုပ်မိုင်းတွေကို ရှင်းလင်းတယ်။ အဲဒါတွေတော့ ဦးစားပေး ဆောင်ရွက်ကြတာပေါ့။”
ကန်ပက်လက်မြို့မှာတော့ မိုင်းရှင်းလင်းတွေနဲ့ လမ်းပြုပြင်တာတွေနဲ့ မြို့တွင်းသန့်ရှင်းရေး လုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ကျင်ဒွေးမြို့မှာတော့ မြို့သိမ်းတိုက်ပွဲ ၆ လနီးပါး ကြာမြင့်ခဲ့တဲ့အတွက် တိုက်ပွဲဒဏ်နဲ့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု၊ မီးရှို့မှုတွေကြောင့် တမြို့လုံးနီးပါး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ပြန်လည်ထူထောင်ရေးကော်မတီ ဖွဲ့စည်းပြီး ပြည်သူတွေအတွက် အရေးပေါ်တဲတွေ ထိုးပေးပြီး နေထိုင်နိုင်အောင် ကြိုးစားနေတယ်လို့ သိရပါတယ်။
ချင်းညီနောင်အဖွဲ့မှ ဆလိုင်းသန်းရွှေက “စားနပ်ရိက္ခာအတွက် ပံ့ပိုးတာတွေ ရှိသလို ကျင်ဒွေးမှာဆို လယ်တွေရှိတယ်၊ အဲဒီလယ်တွေကို ကျန်ခဲ့တဲ့နွားတွေကို အသုံးပြုပြီးမှ ပြန်ထွန်ပြီးမှ တပိုင်တနိုင်နဲ့ စိုက်ပျိုးပြီး ပြန်လည်လုပ်ဆောင်နေတာလည်း ရှိတယ်။ ကျင်ဒွေးအနေနဲ့ကတော့ တော်တော်လေးကို ပျက်စီးသွားတော့ ပြန်လည်တည်ဆောက်ရေးက အသစ်ကနေစပြီး ပြန်လုပ်ရတဲ့အတွက် မနည်းကို ရုန်းကန်ပြီးမှ ပြန်လုပ်ရတဲ့ အနေအထား ရှိပါတယ်” လို့ ပြောပါတယ်။
လေကြောင်းရန် စိုးရိမ်နေရပေမဲ့ ကျန်းမာရေး၊ ပညာရေး ကဏ္ဍတွေလည်း ပြန်လည် စတင်နေပြီလို့ သိရပါတယ်။
မရာဒေသဖြစ်တဲ့ လိုင်လင်းပီမြို့မှာတော့ နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်ထားပြီး ယာယီစစ်ဘေးရှောင်တွေနဲ့ နေရပ်စွန့်ခွာပြည်သူတွေ ကိုယ့်ဒေသကို ပြန်လည် အခြေချ နေထိုင်နေနိုင်ပြီလို့ သိရပါတယ်။
MCD\MDF မှ ကိုဓူဝံက “ကျနော်တို့ လက်ရှိမှာလည်း နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက် ဆောင်ရွက်ပြီးတော့မှ ရပ်ရွာ ပြန်လည်တည်ဆောက်ရေး၊ ကျန်းမာရေး၊ ပညာရေး ဝန်ဆောင်မှုပေးဖို့ ချိတ်ဆက်ဆောင်ရွက်နေတာ ရှိပါတယ်။ အထူးသဖြင့် လိုင်လင်းပီမြို့ အုပ်ချုပ်ရေး အက်ဥပဒေကိုလည်း တတိယ ပြည်သူ့ညီလာခံသက်တမ်း ပထမ ဗဟိုကောင်စီ အစည်းအဝေးမှာလည်း အတည်ပြု ပြဋ္ဌာန်းပြီးဖြစ်ပါတယ်” လို့ ပြောပါတယ်။
ချင်းပြည်နယ် ၉ မြို့နယ်မှာ မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ ဖလမ်းမြို့နယ်တို့ကို ချင်းညီနောင်က သိမ်းပိုက်ထားပြီး တိုက်ပွဲတွေကြောင့် ချင်းပြည်သူ ၂၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတာ ဖြစ်ပါတယ်။
သီရိ