
နောင်ချိုမြို့နယ်မှာ စစ်ကောင်စီနဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်း TNLA နဲ့ ဒေသခံတွေဆီက သိရပါတယ်။
TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက “နောင်ချိုဘက်မှာတော့ အဲဒီ တောင်ခမ်း အနီးနားမှာရှိတဲ့ အုမ္မသီး၊ အုမ္မခါးမှာတော့ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ ထိုးစစ်ဆင်မှုတွေကတော့ ရှိနေပါတယ်။ တခြားသော အရာတွေက ထူးခြားတာတော့ မရှိသေးဘူး။ ဟုတ်ကဲ့ တချို့ကလည်း ရှောင်ကြပါတယ်။ အဓိကတော့ ဒီအချိန်မှာတော့ လုံခြုံရေးကိုတော့ အထူးဂရုစိုက်ရမှာ ဖြစ်ပါတယ်။ တချို့ကတော့ ဒီ နီးစပ်ရာတွေမှာ သွားရောက်ပြီးတော့ ခိုလှုံကြပါတယ်” လို့ ပြောပါတယ်။
လက်ရှိမှာတော့ တရုတ်ရဲ့ဖိအားနဲ့ ပတ်သက်ပြီး တစုံတရာ ထူးခြားတာတော့ မရှိသေးသလို တရုတ်နဲ့ တွေ့ဆုံမှုက ရလဒ်က တိုက်ပွဲတွေအပေါ် ဘယ်လောက် သက်ရောက်မှုရှိလာမလဲ ဆိုတာလည်း မပြောတတ်သေးဘူးလို့ သူက ပြောပါတယ်။
တရုတ်မှာ တွေ့ဆုံမှုကိုတော့ မှန်းထားတာက ဒီ ၈ လကုန်မှာ ဖြစ်ပြီး လက်ရှိအခြေအနေကတော့ ဘာမှတော့ ထူးခြားတာမျိုးတော့ မတွေ့ရသေးဘူလို့ သူက ပြောပါတယ်။
နောင်ချိုဒေသခံတယောက်က “အခြေအနေကတော့ အတော်ချနေကြတယ်၊ တဝုန်းဝုန်းပဲ။ စစ်တပ်ဘက်က စစ်ကြောင်းထိုးတယ်။ ထိုးလည်း မကျော်လာနိုင်ကြဘူး၊ မှန်တယ်၊ ပြန်မောင်းထုတ်လိုက်နိုင်ပြီ။ ကျောင်းသားတပ်မတော်က ပြန်လာကူညီတယ်လို့ ကြားတယ်။ (ရေမောင်းတန်းရွာ) မရောက်ဘူး။ အဲဒီ သဲခေါ် အကျော်နားလေးမှာပဲ ရောက်သေးတယ်။ (နောင်ချို ဒေသခံတွေ) ရှောင်တယ်ဆိုတာ နောင်ချိုထဲ လက်နက်ကြီး တအားကျလို့ TNLA ဘက်က ရှောင်ခိုင်းတာ။ လူတွေ ထိခိုက်လာလို့လေ။ ၂ ယောက်တောင် ထိသွားတယ်။ အဲဒါကြောင့် သူတို့ရှောင်ခိုင်းတာ။ တိုက်ပွဲက ဖြစ်နေတယ်။ အခုလည်း အသံတွေ ကြားနေတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီ တပ်ဖွဲ့တွေဟာ ကံကြီးရွာအထိ ဝင်ရောက်လာတာကြောင့် TNLA တပ်ဖွဲ့က တန်ပြန်ထိုးစစ်ဆင်ပြီး ရွှေမုဌောရွာဘက်အထိ ပြန်လည်ရရှိထားတယ်လို့ သိရကြောင်း သူကပြောပါတယ်။
စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ်မှာတော့ ဇွန် ၁၇ ရက် ညနေပိုင်းက နောင်ချိုမြို့နယ်၊ အုမ္မသီးရွာ အရှေ့မြောက်ဘက် မီတာ ၁,၂၀၀ ခန့်အကွာရှိ ရေမောင်းတန်းရွာအနီးမှာ စစ်ကြောင်းနဲ့ TNLA ၃၅ ယောက်တို့ ထိတွေ့တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။