DVB Logo
Home
နိုင်ငံတကာ
အစ္စရေး-အီရန် ပဋိပက္ခကြောင့် ရေနံဈေးတက်
DVB
·
June 18, 2025
အစ္စရေး-အီရန် ပဋိပက္ခကြောင့် ရေနံဈေးတက်
Donate to DVB

အစ္စရေး-အီရန် ပဋိပက္ခ ပိုမိုကျယ်ပြန့်လာတာနဲ့အမျှ အမေရိကန်ရဲ့ ပါဝင်လာနိုင်ခြေအပေါ်  စိုးရိမ်ရမှုကြောင့် ကမ္ဘာ့ရေနံဈေးဟာ ၄ ရာခိုင်နှုန်းကျော် မြင့်တက်လာပါတယ်။

ကမ္ဘာ့လူသိအများဆုံး ရေနံစျေးညွှန်းကိန်း ၂ ခုဖြစ်တဲ့ Brent North Sea Crude နဲ့ West Texas Intermediate တို့မှာဆိုရင် ပြီးခဲ့တဲ့အင်္ဂါနေ့အတွင်း ၄ ဒသမ ၄ ရာခိုင်နှုန်းနဲ့ ၄ ဒသမ ၃ ရာခိုင်နှုန်းစီ တက်လာခဲ့ပါတယ်။

အခုလိုမျိုး ဈေးတက်ပြီးနောက် ရေနံဈေးတွေက တစည်ကို ၇၆ ဒသမ ၄၅ ဒေါ်လာနဲ့ ၇၄ ဒသမ ၈၄ ဒေါ်လာအထိ အသီးသီး ရောက်လာခဲ့ပါတယ်။

ပထဝီနိုင်ငံရေးတင်းမာမှု မြင့်တက်လာတဲ့အလျောက် အမေရိကန် စတော့ဈေးကွက်အပေါ်  ထိခိုက်မှုလည်းရှိခဲ့ပြီး S&P 500 ညွှန်းကိန်းမှာ ၀ ဒသမ ၈၄ ရာခိုင်နှုန်းနဲ့ Nasdaq မှာတော့ ၀ ဒသမ ၉၁ ရာခိုင်နှုန်းစီ အနည်းငယ်ကျဆင်းသွားပါတယ်။

လွန်ခဲ့တဲ့ သောကြာနေ့ကစပြီး အီရန်နိုင်ငံမှာ ရှိနေတဲ့ ရေနံနဲ့ ဓာတ်ငွေ့စက်ရုံ အများအပြားကို အစ္စရေးအနေနဲ့ ဗုံးကြဲတိုက်ခိုက်နေခဲ့တာ ဖြစ်ပါတယ်။

အဲဒီထဲမှာ South Pars ဓာတ်ငွေ့လုပ်ကွက်၊ Fajr Jam ဓာတ်ငွေ့စက်ရုံ၊ Shahran ရေနံ သိုလှောင်ရုံနဲ့ Shahr Rey ရေနံချက်စက်ရုံတို့ ပါဝင်ပါတယ်။

လက်ရှိ အစ္စရေးရဲ့ စစ်ဆင်ရေးတွေမှာ အမေရိကန် တိုက်ရိုက်ပါဝင်လာတာမျိုး အပါအဝင် ပဋိပက္ခ ပိုမိုပြင်းထန်လာနိုင်တဲ့ အလားအလာတွေက ဈေးကွက်ကျဆင်းမှုကို ဒီ့ထက်ဆိုးရွားစေနိုင်တယ်လို့ ဖော်ပြထားပါတယ်။

ကမ္ဘာပေါ်မှာ အီရန်ဟာ ရေနံသိုက်အရ တတိယအကြီးဆုံးနဲ့ ဓာတ်ငွေ့သိုက်အရ ဒုတိယအကြီးဆုံး နိုင်ငံ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း အမေရိကန် ဦးဆောင်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် အီရန်ရဲ့  စွမ်းအင်တင်ပို့ရောင်းချမှုတွေမှာ အကန့်အသတ်မျိုးစုံနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်တုန်းက အီရန်ဟာ တနေ့ကို ရေနံစိမ်းစည်ပေါင်း ၃ ဒသမ ၉၉ သန်းနီးပါး ထုတ်လုပ်နိုင်ခဲ့သလို ကမ္ဘာ့ရေနံထုတ်လုပ်မှု စုစုပေါင်းရဲ့ ၄ ရာခိုင်နှုန်းနဲ့လည်း ညီမျှပါတယ်။

ဒါ့အပြင် ကမ္ဘာ့ရေနံတင်ပို့မှု အားလုံးရဲ့  ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိ ဖြတ်သန်းသွားလာနေတဲ့ ဟော်မုဇ် ရေလက်ကြားမှာပါ အီရန် တည်ရှိနေတဲ့အတွက် အခုလိုမျိုး သက်ရောက်မှုကို ကြီးမားစေတာ ဖြစ်ပါတယ်။

“အီရန်ရဲ့ ရေနံတင်ပို့နိုင်စွမ်းဟာ အနှောင့်အယှက်တွေ ကြုံလာရတဲ့အခါ အလွယ်တကူ ထိခိုက်နိုင်တယ် ဆိုတာကို အစ္စရေး ဗျူဟာရေးဆွဲသူတွေက ကောင်းကောင်းသိထားကြတယ်” ဆိုပြီး ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013