
ထိုင်းနိုင်ငံ ဘန်ကောက် နဲ့ အခြားခရိုင်က လုပ်ငန်းခွင်အချို့က အလုပ်သမားတွေအတွက် နေ့တွက် အနိမ့်ဆုံးလုပ်အားခ ဘတ် ၄၀၀ ကို လာမယ့် ဇူလိုင် ၁ ရက်ကနေ စတင်အကျုံးဝင်မယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ပြောပါတယ်။
အစိုးရ၊ အလုပ်ရှင် နဲ့ အလုပ်သမား ကိုယ်စားလှယ်တွေပါတဲ့ သုံးပွင့်ဆိုင် လုပ်အားခ ညှိနှိုင်းရေးဘုတ်အဖွဲ့ဝင်တွေဟာ ဇွန် ၁၇ ရက်က ဘန်ကောက် အလုပ်သမားဝန်ကြီးရုံးမှာ အချိန် ၃ နာရီကြာ တွေ့ဆုံဆွေးနွေးပြီးတဲ့နောက် အနိမ့်ဆုံးလုပ်အားခ တနေ့ ဘတ် ၄၀၀ ပေးဖို့ သဘောတူညီမှုရခဲ့တယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးရုံး အမြဲတမ်းအတွင်းဝန် နိုင်းဘွန်းဆုန် ထပ်ချိုင်းယုဒ်က သတင်းထောက်တွေကို ပြောပါတယ်။
တနေ့ ဘတ် ၄၀၀ ကို ဘန်ကောက်ခရိုင်တခုလုံးရှိ လုပ်ငန်းခွင်တိုင်းက အလုပ်သမားတွေ ရရှိမှာဖြစ်ပြီး ကျန်ခရိုင်တွေကတော့ လုပ်ငန်းအမျိုးအစားပေါ်မူတည်တယ်၊ ကြယ်နှစ်ပွင့်အထက် အဆင့်အတန်းနဲ့ အိပ်ခန်းပေါင်း ၅၀ အထက်ပါ ဟိုတယ်အလုပ်သမားတွေ၊ ခရီးသွားလုပ်ငန်း နဲ့ ဘားဆိုင်၊ ကေတီဗွီ စတဲ့ ဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ အလုပ်သမားတွေဖြစ်တယ်လို့ ဆိုပါတယ်။
အစည်းအဝေး သဘောတူချက်ကို ကက်ဘိနက်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ အစည်းအဝေး ထံတင်ပြပြီး အတည်ပြုချက်ရပြီးပါက လာမယ့် ဇူလိုင် ၁ ရက်ကစ အကျုံးဝင်မယ်လို့ ဆိုပါတယ်။
နေ့တွက်လုပ်အားခ ဘတ် ၄၀၀ ရဲ့ အကျိုးခံစားခွင့်ကို ဘန်ကောက်ဧရိယာတွင်းရှိ အလုပ်သ မားပေါင်း ၇၀၀, ၀၀၀ ကျော် ရရှိမှာဖြစ်တယ်။ အခုလို လုပ်အားခ တိုးမြှင့်လိုက်ခြင်းအားဖြင့် လုပ်ငန်းရှင်အချို့ အခက်အခဲရှိနိုင်တာကြောင့် ရင်းနှီးမြှုပ်နှံငွေ ချေးငွေထုတ်ပေးဖို့ ငွေစုဘဏ်ကြီး ၆ ဘဏ်နဲ့ ညှိနှိုင်းကာ ဘတ်သောင်းပေါင်း ၃၀,၀၀၀ ချေးပေးဖို့ စီစဉ်ထားတယ်လို့ အလုပ် သမားအတွင်းဝန်က ပြောပါတယ်။
Source: MCOT / PPTV HD