Home
မြန်မာသတင်း
သိမ်းထားသည့်စခန်းများ စစ်ကောင်စီ ပြန်မယူနိုင်ရန် KNU တပ်ပေါင်းစု စခန်းထိုင်
DVB
·
June 18, 2025

ထိုင်း-မြန်မာနယ်စပ်အနီးက တိုက်ခိုက်သိမ်းပိုက်ထားတဲ့ တပ်စခန်းတွေကို စစ်ကောင်စီက ခြေကုပ်ပြန်မယူနိုင်အောင် ကရင်အမျိုးသားအစည်းအရုံး (KNU) ဦးဆောင်တဲ့ တပ်ပေါင်းစုတွေက စခန်းထိုင်တာ၊ ပိတ်ဆို့တာတွေ လုပ်ဆောင်ထားတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။

စစ်ရေးသတင်းရင်းမြစ်က “သိမ်းပြီးသားကုန်းတွေကို အကုန်လုံး တက်ထိုင်နေတာ။ ရန်သူလက်ထဲ ပြန်မအပ်တော့ဘူး။ ဟိုအရင်တုန်းက သိမ်းပြီးရင် ကိုယ်က ပြန်လှည့်လာတဲ့အတွက် ရန်သူက အချိန်မရွေး ပြန်ပြန်တက်လာတယ်။ အခုကျတော့ ကျနော်တို့က အဲဒီလိုမလုပ်တော့ဘူး။ သိမ်းပြီးတဲ့ကုန်းကို ရဲဘော်တွေ ထိုင်တယ်၊ ပိတ်ဆို့လိုက်တယ်။ ရန်သူ မလာနိုင်အောင်လို့” လို့ ပြောပါတယ်။

တိုက်ပွဲတွေကြောင့် ဆုံဆည်းမြိုင်၊ ဥကရစ်ထ၊ တောင်နီ၊ သေ့ဘောဘိုး၊ ဝါးမီးထ ကျေးရွာက ဒေသခံ ၂,၀၀၀ လောက်ဟာ ထိုင်းနယ်စပ်၊ သောင်ရင်းမြစ်ကမ်းတလျှောက်နဲ့ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

ဌာနေတိုင်းရင်းသားတွေရဲ့ နယ်မြေထဲမှာ စစ်ကောင်စီစခန်းတွေ ရှိနေရင် သွားလာရေးခက်ခဲပြီး အသက်အန္တရာယ်တွေ စိုးရိမ်နေရတယ်လို့ ကရင်အမျိုးသမီးအဖွဲ့အစည်း (KWO) ရဲ့ ဒုဥက္ကဋ္ဌ နော်စေးစေးဟဲက ပြောပါတယ်။

“ဌာနေတိုင်းရင်းသားတွေက ကိုယ့်ရဲ့နယ်မြေထဲမှာ စစ်ကောင်စီစခန်းတွေ ရှိတယ်ဆိုရင် သွားရေးလာရေးလည်း ခက်ခဲတယ်။ အလုပ်တွေ ဘာတွေ ရှာစားရတာလည်း လယ်ထဲ သွားတာဖြစ်ဖြစ်၊ တောင်ယာထဲ သွားတာပဲဖြစ်ဖြစ် အရမ်းစိုးရိမ်ရတယ်။ တပ်တွေက ကိုယ်ရဲ့ ရွာဘေးနားမှာ ရှိတာပဲဖြစ်ဖြစ်၊ ရွာဘေးမဟုတ်ဘဲ တခြားနေရာမှာပဲဖြစ်ဖြစ် အခုဆိုရင် ပိုဆိုးတယ်။ ကျမတို့ ဌာနေတိုင်းရင်းသားတွေဆိုရင် သူတို့လက်နက်ကြီးနဲ့ အဝေးကနေ လှမ်းပစ်တာတွေ ဆိုလို့ရှိရင် ကိုယ့်ရဲ့ အသက်အန္တရာယ်တွေကို စိုးရိမ်နေရတယ်။”

စစ်ကောင်စီရဲ့ တပ်စခန်းနေရာတွေမှာ မိခင် KNU က စခန်းပြန်လာထိုင်ရင် ယုံကြည်စိတ်ချရတဲ့အပြင် လုံလုံခြုံခြုံ ခံစားရတယ်လို့ နော်စေးစေးဟဲက ပြောပါတယ်။

“စစ်ကောင်စီစခန်းတွေ မရှိတော့ဘူး။ တိုင်းရင်းသား KNU စခန်းတွေပဲ ပြန်လာရှိရင် ကိုယ့်လူမျိုးလည်း ဖြစ်တယ်၊ ကိုယ်ရဲ့ လက်နက်ကိုင်အဖွဲ့လည်း ဖြစ်တယ်ဆိုတော့ ကိုယ့်အတွက် ယုံကြည်စိတ်ချရတယ်။ လုံလုံခြုံခြုံလည်း ခံစားရတယ်။ ပြီးတော့ ကျမတို့ လယ်တွေ ဘာတွေဆိုရင် သူတို့ လာကူညီတာတို့ စပါးတွေဘာတွေ လာရိတ်ကူတာ၊ ကောက်စိုက်ကူတာ၊ တောင်ဆိုရင်လည်း တောင်ယာစပါး လုပ်ကူတာတွေ ဘာတွေလည်း ကူညီတာတွေရှိတယ်။ ကိုယ့်အတွက်လည်း လုံခြုံရေးယူပေးတယ်။ ကြောက်စရာလည်း မလိုတော့ဘူးပေါ့။”

ထိုင်း-မြန်မာ နယ်စပ်တလျှောက်က စစ်ကောင်စီတပ်စခန်းတွေကို KNU ဦးဆောင်တဲ့ တပ်ပေါင်းစုတွေက တိုက်ခိုက်သိမ်းပိုက်နေတာပါ။

မေ ၂၃ ရက် ညနေ ၅ နာရီက စစ်ကောင်စီရဲ့ ဘလယ်ဒိုတပ်စခန်းကိုပါ သိမ်းယူနိုင်ခဲ့ပြီး  မေ ၂၈ ရက် ညပိုင်းက ကနဲလေးစခန်းကို ထပ်မံ သိမ်းယူနိုင်ခဲ့ပါတယ်။ ဒ့ါအပြင် မေ ၂၉ ရက် ညနေ ၆ နာရီလောက်က ဝေါ်လေဗျူဟာနဲ့ အနီးဆုံးမှာရှိတဲ့ ဘုရင့်နောင်ကုန်းစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် စစ်ကောင်စီရဲ့ သေ့ဘောဘိုးစခန်းကိုလည်း KNU ဦးဆောင်ပြီး တပ်ပေါင်းစုတွေက ဝိုင်းဝန်းပိတ်ဆို့ထားရာက ဇွန် ၂ ရက် မွန်းလွဲ ၃ နာရီလောက်က  စတင်ပြီး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာမှာ ဇွန် ၃ ရက် ည ၇ နာရီလောက်မှာ စခန်းကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

အောင်ခန့်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024