
တနင်္သာရီတိုင်းမှာ တာဝန်ထမ်းဆောင်ဖို့အတွက် CDM အထူးကု ဆရာဝန်တွေအပါအဝင် ရာထူးနေရာ အသီးသီးအတွက် ကျန်းမာရေးဝန်ထမ်းတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးဝန်ကြီးဌာနက ခေါ်ယူနေပါတယ်။
လျှောက်ထားလိုသူတွေအနေနဲ့ ပြည်ထောင်စုမြန်မာနိုင်ငံဖွား၊ ကျန်းမာရေးကောင်းမွန်သူ ဖြစ်ရမှာဖြစ်ပြီးတော့ CDM နိုင်ငံ့ဝန်ထမ်းဖြစ်စေ၊ နိုင်ငံ့ဝန်ထမ်းမဟုတ်သူဖြစ်စေ အကြမ်းဖက်စစ်ကောင်စီနဲ့ ပတ်သက်မှု မရှိသူ ဖြစ်ရမယ်လို့ ဆိုပါတယ်။
ဒီခေါ်ယူမှုမှာတော့ အထူးကုဆရာဝန်နဲ့ ဆရာဝန်တွေ (မည်သည့်အထူးကုဘာသာရပ် အမျိုးအစားမဆို)၊ အထူးပြုသူနာပြုနဲ့ သူနာပြုတွေ(မည်သည့်အထူးပြုဘာသာရပ် အမျိုးအစားမဆို၊ မည်သည့်ရာထူးအမျိုးအစားမဆို) ကျန်းမာရေးမှူးတွေ မည်သည့်ရာထူးအမျိုးအစားမဆို)၊ အမျိုးသမီးကျန်းမာရေးဆရာမတွေ(LHV)၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်နဲ့ သားဖွားဆရာမ ရာထူးတွေကို ခေါ်ယူနေတာ ဖြစ်ပါတယ်။
လျှောက်ထားသူတွေအနေနဲ့ NUG အစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက တာဝန်ချထားမယ့် နေရာဒေသတွေမှာ သွားရောက် တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမှာဖြစ်ပြီးတော့ အခုလာမယ့် ဇွန် ၃၀ ရက် နောက်ဆုံးထားပြီး လျှောက်ထားနိုင်မယ်လို့ ဆိုပါတယ်။
အတည်ပြုရွေးချယ်ခြင်းခံရသူတွေကတော့ တာဝန်ချထားမယ့် နေရာတွေအတွက် လိုအပ်တဲ့ သင်တန်းတွေကို သတ်မှတ်အစီအစဉ်တွေအတိုင်း တက်ရောက်ရမှာဖြစ်ပြီး NUG အစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန အစီအစဉ်နဲ့ ဒေသအသီးသီးဆီ တာဝန်ချထားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တော်လှန်ရေးကာလနဲ့ ကြားကာလ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နေကြတဲ့ ကျန်းမာရေးသူရဲကောင်းတွေအတွက် လက်ရှိကာလအတွင်း လူမှုဘဝလုံခြုံမှုနဲ့ လုပ်ငန်းခွင်လုံခြုံမှုတွေကို ကာကွယ်စောင့်ရှောက်မှုတွေ ပေးအပ်နိုင်ဖို့လည်း အစီအစဉ်တွေ ချမှတ်ထားရှိပြီး တော်လှန်ရေးအလွန်ကာလမှာလည်း ဘဝ အာမခံချက်တွေနဲ့ အထူးအခွင့်အရေးတွေကို ဖက်ဒရယ်ဒီမိုကရေစီမူဝါဒတွေနဲ့အညီ ပေးအပ်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
NUG ကျန်းမာရေး ဝန်ကြီးဌာနအနေနဲ့ ခုလို ကျန်းမာရေးဝန်ထမ်းတွေ ခေါ်ယူတာတွေကို အာဏာသိမ်း ၄ နှစ်ကျော် ကာလတွေအတွင်း စဉ်ဆက်မပြတ် ပြုလုပ်နေပြီး ကာကွယ်ရေးဝန်ကြီးဌာနကလည်း CDM ဆရာဝန်၊ သူနာပြုတွေ အပါအဝင် ကျန်းမာရေးဝန်ထမ်းတွေ ခေါ်ယူခဲ့ဖူးပါတယ်။