
ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၆ ရပ်ကွက်၊ အောင်ချမ်းသာလမ်းက ရာအိမ်မှူးတယောက်ရဲ့ အိမ်မှာ စစ်ကောင်စီတပ်က ဗိုလ်မှူးအဆင့်ရှိသူနဲ့ ကြံ့ခိုင်ရေးပါတီက အမျိုးသမီးတယောက် အပါအဝင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ အမျိုးသမီးက ရပ်ကွက်နေ ပြည်သူတွေကို ခေါ်ယူပြီး ကြံ့ခိုင်ရေးပါတီကို မဲပေးဖို့ စည်းရုံးဆိုနေတယ်လို့ ရပ်ကွက်နေပြည်သူတွေဆီကနေ သိရပါတယ်။
အရပ်ဝတ်နဲ့လာပြီး အုပ်ချုပ်ရေးမှူး နိုင်မိုးက ဦးစီးပြုလုပ်တာ၊ အုပ်ချုပ်ရေးမှူးရဲ့ ဇနီး၊ နောက် ရာအိမ်မှူး ဆယ်အိမ်မှူးတွေရဲ့ ဇနီးတွေရော ကြံ့ခိုင်ရေးပါတီက အမျိုးသမီးကြီးကော ရာအိမ်မှူး အုန်းသန်းအိမ်မှာ ပြုလုပ်တာလို့ ဆိုပါတယ်။
ရပ်ကွက်နေသူတယောက်က “ဇွန် ၁၇ ရက်နေ့ မနက် ၁၀ နာရီထိုးမှာ လုပ်တာ၊ ကျူးကျော်မှာနေတဲ့သူတွေကိုပါ ခေါ်ပြီးစည်းရုံးနေတာ၊ စစ်တပ်က အရာရှိကိုယ်တိုင် အရပ်ဝတ်နဲ့ လာလုပ်သွားတာ။ ခေတ်ပျက်ကြီးထဲမှာ သူတို့ပါတီ ရွေးကောက်ပွဲမှာ အနိုင်ရရှိဖို့ကို မဲဆွယ်စည်းရုံးရေးလာလုပ်သွားတာ။ နိုင်ငံက သူတို့လုပ်လို့ စုတ်ပြတ်သတ်နေပြီ၊ ဒါကို ရွေးကောက်ပွဲက လုပ်ချင်ကြသေးတယ်။ အဲဒါကြောင့်လည်း စစ်အာဏာသိမ်းပြီးနောက် ကြံ့ခိုင်ရေးပါတီကလူတွေကို အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးတွေ ခန့်ထားကြတာဖြစ်မယ်” လို့ ပြောပါတယ်။
အဆိုပါအစည်းအဝေးပွဲမှာ အမှတ် ၆ ရပ်ကွက် အုပ်ချုပ်ရေးမှူး နိုင်မိုးရဲ့ ဇနီးက ရွေးကောက်ပွဲကျရင် ကြံ့ခိုင်ရေးပါတီကို မဲပေးဖို့၊ ကြံ့ခိုင်ရေးပါတီ အနိုင်ရရှိခဲ့ရင် နိုင်ငံဖွံ့ဖြိုးတိုးတက်မှာဖြစ်ပြီး လူထုဘဝ မြင့်မားလာမှာ၊ စီးပွားရေးတွေ တိုးတက်လာမှာ ဆိုပြီး စည်းရုံးပြောကြားခဲ့တယ်လို့ အစည်းအဝေးပွဲ တက်ရောက်ခဲ့သူတွေဆီကနေ သိရပါတယ်။