DVB Logo
Home
နိုင်ငံတကာ
အီရန် ခြွင်းချက်မရှိ လက်နက်ချရန် ထရမ့်ပ် တောင်းဆို၊ ခါမေနီ ပုန်းနေသည့်နေရာ သိဟုပြော
DVB
·
June 18, 2025
အီရန် ခြွင်းချက်မရှိ လက်နက်ချရန် ထရမ့်ပ် တောင်းဆို၊ ခါမေနီ ပုန်းနေသည့်နေရာ သိဟုပြော
Donate to DVB

အီရန်နိုင်ငံ ခြွင်းချက်မရှိ လက်နက်ချဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တောင်းဆိုလိုက်ပြီး အီရန် အဓိပတိ ဘာသာရေးခေါင်းဆောင်ကြီး ခါမေနီ ဘယ်မှာပုန်းနေသလဲ ဆိုတာကိုပါ သိထားပြီးဖြစ်တယ်လို့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

ထရမ့်ပ်က ပို့စ် ၃ ခု ဆက်တိုက်တင်ခဲ့ရာမှာ “အီရန်ကောင်းကင်ယံကို ကျုပ်တို့က အလုံးစုံ ထိန်းချုပ်လိုက်ပြီ” လို့ ပို့စ်တခုမှာ ရေးသားထားပါတယ်။

“အဓိပတိခေါင်းဆောင်ကြီး ဆိုသူ ဘယ်မှာပုန်းနေလဲ ကျုပ်တို့ သေချာသိထားပါတယ်။ လွယ်ကူတဲ့ ပစ်မှတ်ပါပဲ။ အခုတော့ အဲဒီမှာ ဘေးကင်းနေပါသေးတယ်။ ကျုပ်တို့ မရှင်းသေးပါဘူး။ အနည်းဆုံး အခုတော့ မလုပ်သေးဘူး” လို့ ထရမ့်ပ်က ရေးသားခဲ့ပါတယ်။

“ဒါပေမဲ့ အရပ်သားတွေ၊ ဒါမှမဟုတ် အမေရိကန်စစ်သားတွေကို ဒုံးကျည်တွေနဲ့ ပစ်တာတော့ မလိုလားပါဘူး။ ကျုပ်တို့ သည်းခံနိုင်စွမ်း လျော့နည်းလာပါပြီ” လို့လည်း ထရမ့်ပ်က ရေးသားထားပါတယ်။

အီရန်ရဲ့ မြေအောက် နျူကလီးယားစခန်းတွေကို ပစ်မှတ်ထားတဲ့ အစ္စရေးတိုက်ခိုက်မှုတွေမှာ ပူးပေါင်းပါဝင်ဖို့ ထရမ့်ပ်က စဉ်းစားနေတယ်လို့ CBS ရုပ်သံက ဖော်ပြပါတယ်။

ထရမ့်ပ်ဟာ အိမ်ဖြူတော်မှာ ၁ နာရီ မိနစ် ၂၀ ကြာ အရေးပေါ်အစည်းအဝေး ကျင်းပခဲ့ရာမှာ ဒီကိစ္စကို အဓိက ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ဖြစ်နိုင်ခြေအရှိဆုံးပစ်မှတ်က မြေအောက် နက်နက်ရှိုင်းရှိုင်းဝင်ပြီး တည်ဆောက်ထားတဲ့ ဖော်ဒို ယူရေနီယမ်သန့်စင်စခန်းလို့ ဆိုပါတယ်။ အမေရိကန်မှာသာ ဒီစခန်းကို ဖျက်နိုင်တဲ့ ဘန်ကာခွင်း ဗုံးမျိုး ရှိနေပါတယ်။

အီရန်အဓိပတိ အယာတိုလာ ခါမေနီကတော့ အီရန်ဟာ အစ္စရေးကို ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမယ်လို့ ပြောထားပါတယ်။

အီရန် တပ်မတော် စစ်သေနာပတိချုပ် အဗ္ဗဒူလ်ရာဟင်မ် မူဆာဗီကတော့ အစ္စရေးကို ပြစ်ဒဏ်ခတ်မယ့် စစ်ဆင်ရေးတရပ် မကြာမီ လုပ်ဆောင်သွားမယ်လို့ ကြေညာထားပါတယ်။

ဥရောပကတော့ သဘောကွဲလွဲနေပါတယ်။ စစ်ရေးနည်းလမ်းနဲ့ အစိုးရအပြောင်းအလဲလုပ်ရင် အမှားကြီးမှားမယ်လို့ ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က ပြောထားပါတယ်။ အမေရိကန် ဦးဆောင်ပြီးတော့ အားလုံးကို စားပွဲဝိုင်းပေါ်ပြန်ဆွဲတင်ဖို့ပဲ တိုက်တွန်းထားပါတယ်။

“ကျုပ်တို့အားလုံးအတွက်  သူများမလုပ်ချင်တဲ့အလုပ် (dirty work) ကို လုပ်ပေးတဲ့ အစ္စရေးကို ကျေးဇူးတင်တယ်” လို့ ဂျာမနီအဓိပတိ ဖရိုင်းဒရစ်ဂျ်မားဇ်က ပြောထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013