
အပန်းဖြေကျွန်းဖြစ်တဲ့ ဘာလီကျွန်းပေါ်ရှိ ဗီလာအိမ်တလုံးမှာ ညအချိန် တိုက်ခိုက်ခံရမှုအတွင်း သြစတြေးလျ အမျိုးသားတယောက် အသေပစ်သတ်ခံရမှုနဲ့ တခြား ဩစတြေးလျ အမျိုးသားတယောက် ဒဏ်ရာရရှိမှုနဲ့ဆက်နွှယ်ပြီး လူ ၂ ယောက်ကို ဖမ်းဆီးခဲ့ကြောင်း အင်ဒိုနီးရှားရဲတပ်ဖွဲ့က ဇွန် ၁၇ ရက်မှာ ပြောပါတယ်။
လူတယောက်ကို ဂျကာတာမြို့တော်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး တခြားတယောက်ကိုတော့ ပြည်ပမှာ ဖမ်းဆီးထားကြောင်းနဲ့ မကြာခင်မှာ ဂျကာတာကို ရောက်ရှိလာတော့မှာဖြစ်ကြောင်း အင်ဒိုနီးရှားရဲချုပ် လစ်တ်ယို စီဂစ် ပရာဘိုဝိုက သူတက်ရောက်ခဲ့တဲ့ ကျန်းမာရေးစောင့်ရှောက်မှု အခမ်းအနားမှာ သတင်းထောက်တွေကို ပြောပါတယ်။
ရဲမှုခင်းတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနဲ့ သြစတြေးလျ ဖက်ဒရယ်ရဲတပ်ဖွဲ့တို့အကြား ပူးပေါင်းကြိုးပမ်းမှု ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒါပေမဲ့ ဖမ်းဆီးမှုတွေနဲ့ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။
ဇွန် ၁၄ ရက် ညသန်းခေါင်ကျော်က ဘဲ့ဒူခရိုင်ရှိ အိမ်ရာတခုမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာမှာ အသက် ၃၂ နှစ်ရှိ ဇီဗန် ရဒ်မာနိုဗစ်ဟာ အခင်းဖြစ်နေရာမှာပဲ သေဆုံးသွားခဲ့ပြီး အသက် ၃၅ နှစ်အရွယ် ဆာနားဂါမင်းက ဒဏ်ရာအပြင်းအထန်ရခဲ့ကြောင်း နိုင်ငံပိုင်သတင်း အန်တာရာက ဖော်ပြပါတယ်။
ဘာလီရဲတပ်ဖွဲ့ဟာ အဲဒီအမှုနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို ဇွန် ၁၈ ရက် မနက်ပိုင်းမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ဖို့ မျှော်လင့်ထားကြောင်း ပြောရေးဆိုခွင့်ရှိသူ အရိယစန်ဒီက ပြောပါတယ်။
Source: Reuters