
အစ္စရေးက သောကြာနေ့မှာ အီရန်ကို ထိုးစစ်ဆင်ခဲ့ပြီးနောက် နိုင်ငံရပ်ခြားတွေမှာ ရောက်ရှိနေကြတဲ့ နိုင်ငံသားတွေအနေနဲ့ နိုင်ငံကို ပြန်လာနိုင်ဦးမှာမဟုတ်ကြောင်း အစ္စရေး သယ်ယူပို့ဆောင်ရေးဝန်ကြီး မီရီ ရီဂတ်ဗ်က ဇွန် ၁၆ ရက်မှာ ပြောကြားလိုက်ပြီး သောင်တင်နေကြတဲ့ အစ္စရေးနိုင်ငံသားတွေ အနေနဲ့လည်း ထိတ်လန့်နေစရာမလိုဘဲ နိုင်ငံရပ်ခြားမှာ အေးဆေးသက်သာစွာ နေကြဖို့လည်း မှာကြားခဲ့ပါတယ်။
ပြည်ပရောက် အစ္စရေးနိုင်ငံသား ၁၀၀,၀၀၀ ကျော် ပြန်လာမယ့်အရေးနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတခုမှာ သယ်ယူပို့ဆောင်ရေးဝန်ကြီး ရီဂတ်ဗ်က ပြောကြားခဲ့တာပါ။
“နိုင်ငံရပ်ခြားမှာ ရောက်နေကြတဲ့ အစ္စရေးလူမျိုး ၁၀၀,၀၀၀ ကျော်ရဲ့ စိတ်ပူပန်မှုတွေ၊ ဒုက္ခအခက်အခဲတွေ၊ အိမ်ပြန်ချင်တဲ့ စိတ်ဆန္ဒတွေကို သိရှိကြောင်းနဲ့ အချိန်ယူရမှာဖြစ်ပေမဲ့ တကယ်တော့ အစ္စရေးတွေကို နေအိမ်ကို ဘေးကင်းကင်းပြန်နိုင်ဖို့ Safe Return စစ်ဆင်ရေးနဲ့ စပြီး လုပ်ဆောင်နေတာပါ” လို့လည်း ဆိုပါတယ်။
ဒါကြောင့် သောင်တင်နေတဲ့ နိုင်ငံသားတွေဟာ အထိတ်တလန့် ဖြစ်မနေသင့်ဘဲ နိုင်ငံရပ်ခြားမှာ ပျော်ပျော်ပါးပါးနေထိုင်ကြဖို့ အခွင့်အရေး ယူလိုက်သင့်ကြောင်း ရီဂတ်ဗ်က ပြောကြားပါတယ်။
အစ္စရေးနိုင်ငံဟာ အီရန်နဲ့ အပြန်အလှန် ပစ်ခတ်မှုတွေ လုပ်နေတာကြောင့် နေရပ်ပြန်ခရီးစဉ်တွေအတွက် အစ္စရေးလေပိုင်နက်ကို ဖွင့်လှစ်ပေးဖို့ စွန့်စားမှု မလုပ်နိုင်ကြောင်းလည်း ဝန်ကြီး ရီဂတ်ဗ်က ပြောဆိုပါတယ်။
အစ္စရေးကို ပြန်လာဖို့ လေယာဉ်ကို အတည်ပြုပေးရတဲ့အချိန်မှာ လေယာဉ်ဟာ လေထဲမှာရှိနေရင်တောင်မှ လုံခြုံရေးပြဿနာ သို့မဟုတ် လူ့အသက်အန္တရာယ်ရှိနိုင်တဲ့ အခြေအနေတွေ တခုခု ရှိနိုင်မယ် ဆိုရင်တောင် ချက်ချင်းပြန်လှည့်ခိုင်းမှာ ဖြစ်ကြောင်း၊ အဆုံးထိပြောရရင် လူ့အသက်က တန်ဖိုးအရှိဆုံးပဲလို့လည်း ဆိုပါတယ်။
တဲလ်အဗစ်မြို့တော်ရှိ ဘန်ဂူရီယွန် လေဆိပ်ကို နောက်ထပ် သတိပေးချက် တစုံတရာ မရသေးခင်အချိန်အထိ ပိတ်ထားဆဲဖြစ်ပါတယ်။
Source: Reuters