
အင်ဒိုနီးရှား ရှေ့နေချုပ်ရုံးဟာ စားအုန်းဆီတင်ပို့ခွင့် ပါမစ်ရယူရာမှာ အကျင့်ပျက်ခြစားမှုနဲ့ ဆက်စပ်နေတယ်ဆိုပြီး ဝီလ်မာအုပ်စု စားသောက်ကုန်ကုမ္ပဏီဆီက ရူပီယာ ၁၁ ဒသမ ၈ ထရီလီယံ (ဒေါ်လာ ၇၂၅ သန်း) သိမ်းဆည်းရမိခဲ့ကြောင်း ဇွန် ၁၇ ရက်မှာ ပြောပါတယ်။
ဒါဟာ သမိုင်းမှာ အကြီးမားဆုံးသော ငွေကြေးဖမ်းဆီးရမိမှုဖြစ်ကြောင်း ရှေ့နေချုပ်ရုံးရဲ့ ဥပဒေ ပြန်ကြားရေးရုံး ဌာနမှူး ဟာလီဆိုင်ရ်ဂါးက စင်မြင့်ပေါ်မှာ ရူပီယာငွေထုပ် အများအပြားနဲ့ ခင်းကျင်းထားတဲ့ သတင်းစာရှင်းလင်းပွဲမှာ မှတ်ချက်ပြု ပြောဆိုပါတယ်။
အင်ဒိုနီးရှား အာဏာပိုင်တွေဟာ ဝီလ်မာအုပ်စုနဲ့ တခြား စားအုန်းဆီကုမ္ပဏီ ၂ ခုကို စုံစမ်းစစ်ဆေးနေပြီး သူတို့တွေဟာ ၂၀၂၂ ခုနှစ်တုန်းက ပို့ကုန်ပါမစ်ရရှိဖို့ လာဘ်ငွေပေးဆောင်တယ်လို့ စွပ်စွဲထားတာ ဖြစ်ပါတယ်။
အစိုးရရှေ့နေတွေဟာ ဝီလ်မာအုပ်စုထံမှ ဒဏ်ငွေ ၁၁ ဒသမ ၈ ထရီလီယံ ရူပီယာကို တောင်းဆိုခဲ့ပါတယ်။
အမှုစစ်ဆေးနေချိန်အတွင်းမှာ အမှုမှာ ပါဝင်ပတ်သက်တဲ့ စွပ်စွဲခံရသူ ၅ ယောက်ဟာ နိုင်ငံတော်က ဆုံးရှုံးသွားခဲ့တဲ့ ရူပီယာ ၁၁ ဒသမ ၈ ထရီလီယံကို ပြန်လည်အပ်နှံခဲ့ပြီး အာဏာပိုင်တွေဟာ ငွေသားတွေကို တရားရေးဆိုင်ရာ အမှုတွဲအဖြစ် သိမ်းယူခဲ့တယ်လို့ အင်ဒိုနီးရှားရှေ့နေချုပ်ရုံးမှ ဒါရိုက်တာ အဗ္ဗဒူလ် ခိုဟာက ပြောပါတယ်။
ရှေ့နေချုပ်ရုံးဟာ တင်ပို့ခွင့်ပါမစ် ရယူရာမှာ အကျင့်ပျက်ခြစားပြီး တရားသေ လွှတ်ပေးခဲ့တဲ့ တရားသူကြီးတွေကိုလည်း ဖမ်းဆီးခဲ့ပြီး တရားသူကြီးတွေဟာ သူတို့ရဲ့သဘောဆန္ဒအတိုင်း စီရင်ချက်ချဖို့ ရူပီယာဘီလီယံ ၆၀ ကို လက်ခံရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
ရှေ့နေချုပ်ရုံးဟာ ဧပြီလတုန်းက ဒီအမှုနဲ့ဆက်စပ်နေတဲ့ ဝီလ်မာအုပ်စုမှ ဝန်ထမ်းတယောက်ကို ဖမ်းဆီးခဲ့ပါတယ်။
ဝီလ်မာအုပ်စုကတော့ မှတ်ချက်ပေးဖို့ တောင်းဆိုမှုကို ချက်ချင်းတုံ့ပြန်ခြင်း မရှိပါဘူး။ ဒါပေမဲ့ စုံစမ်းစစ်ဆေးမှုတွေကို ကူညီပေးနေတယ်လို့ ကုမ္ပဏီက ပြောဆိုထားပါတယ်။
Source: Reuters